မန္တလေး၊ ၂၄ ဇန်နဝါရီ
မန္တလေးမြို့ရှိ မဟာမုနိဘုရားသည် ခရီးသွားဝင်ရောက်မှုများသည့်အတွက် မြန်မာ့သနပ်ခါးရိုးရာ ယဉ်ကျေးမှုကို ဖော်ဆောင်ပြီး လေ့လာမှုပြု လုပ်နိုင်ရေးနှင့် သနပ်ခါးရောင်းချရန် နေရာတစ်ခုကို အတည်တကျ သတ်မှတ် ချထားပေးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြအကူအညီ တောင်းခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သနပ်ခါးအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက ပြောသည်။
အဆိုပါ မန္တလေးမြို့ရှိ မဟာမုနိဘုရားသည် အထက်မြန်မာပြည်တွင် အထင်ကရနေတစ်ခုဖြစ်ပြီး၊ ခရီးသွားရာသီ ကာလများတွင် ပြည်တွင်း၊ ပြည်ပဘုရားဖူး ခရီးသွားဧည့်သည်များ နေ့စဉ်နှင့်အမျှ ဝင်ရောက်ဖူး မြော်ကြကြောင်း၊ ထိုသို့ ဝင်ရောက်မှုများသည့်အတွက် မြန်မာသနပ်ခါး ရိုးရာယဉ်ကျေးမှုကို နိုင်ငံတကာခရီးသွားများ သိရှိပြီးလေ့လာနိုင်ရန်နှင့် ဝယ်ယူအသုံးပြုနိုင်သည့် နေရာတစ်ခုအဖြစ် ဖော်ဆောင်ပေးသင့်ကြောင်း၊ ထိုပြင် သနပ်ခါးကို အဓိကအသုံးပြု၍ ဘုရားကြီးအား မျက်နှာသစ်တော်မူရာနေရာတွင် သနပ်ခါးရောင်းချရန်နေရာတစ်ခု သတ်မှတ်ချထား ပေးနိုင်ရေးအတွက် လက်ရှိသနပ်ခါးရောင်းချနေသူများနှင့် ပူးပေါင်းကာ တင်ပြတောင်းဆို သွားမည်ဖြစ်ကြောင်း သိရသည်။
“ဘုရားကြီးအတွင်း စောင်းတန်းမှာ လက်ရှိသနပ်ခါးရောင်းချနေသူ ဦးရေ ၂၀ ရှိပါတယ်။ သူတို့ရောင်းချလာတဲ့ သက်တမ်းကလည်း နှစ် ၃၀ လောက်ရှိပါပြီ။ ပျံကျဈေးအနေနဲ့ ရောင်းလာရတာပါ။ ရောင်းချ သူတွေဟာ မြန်မာနိုင်ငံ သနပ်ခါးအသင်းဝင်တွေပါ။ မြန်မာသနပ်ခါး ရိုးရာယဉ်ကျေးမှုကို ဖော်ဆောင်ဖို့ ရောင်းချသူတွေကို နေရာတစ်ခု သတ်သတ်မှတ်မှတ် ပေးစေချင်ပါတယ်။ နေရာတစ်ခုအဖြစ် စီစဉ်ပေးမှုမရှိသေးပါဘူး။ ကိုဗစ်မတိုင်ခင်က တိုင်းဒေသကြီး အစိုးရအဖွဲ့ကို စာတင်ထားပါတယ်။ ဘုရားကြီး ပရဝဏ်အတွင်းမှာ နေရာတစ်နေရာကို သတ်မှတ်ပေးဖို့ပါ” ဟု ၎င်းကရှင်းပြသည်။
မြန်မာသနပ်ခါးရိုးရာယဉ်ကျေးမှုသည် မန္တလေးမြို့၏ အဓိကပြရုပ်ဖြစ်သည့် မဟာမုနိဘုရားတွင် သနပ်ခါးမျက်နှာတော်သစ်ရေကို အဆိုပါ သနပ်ခါးများမှသုံးစွဲပြီး ရှေးယခင်ကတည်းက အသုံးပြုလာသည့်အတွက် သနပ်ခါးရောင်းချမည့် နေရာတစ်ခုကိုသတ်မှတ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများ လေ့လာမှုများနှင့် ဝယ်ယူနိုင်ရန်အတွက် သနပ်ခါး ယဉ်ကျေးမှုပပျောက်မသွားရန် ဖော်ဆောင်သင့်ကြောင်း၊ နေရာတစ်ခု သတ်မှတ်ပေးရန်အတွက် ဒုတိယအကြိမ်အဖြစ် သနပ်ခါးရောင်းချသူများမှ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ စာတင်၍ ကူညီတောင်းခံသွားမည် ဖြစ်ကြောင်း၊ ထိုတူ သနပ်ခါးအသင်းအဖွဲ့ဝင်များမှလည်း ဘုရားကြီး ဂေါပက ဥက္ကဋ္ဌနှင့်တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းမှုများလည်း ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


