မန္တလေး  ၂၀   ဇန်နဝါရီ 

 မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီး၏ (၆၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် တပို့တွဲလဈေးရောင်းပွဲတော်ကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၁ ခုနှစ် တပို့တွဲလဆန်း(၁၂)ရက်မှစတင်၍ တပို့တွဲလပြည့်ကျော်(၈)ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဇာတ်၊ အငြိမ့်သဘင်များနှင့်အတူ ဆိုင်းခန်းပေါင်း ၂၀ဝ ခန့် ပါဝင်သည့် ဈေးရောင်းပွဲတော်ကိုလည်း ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

''ဘုရားကြီးပွဲတော်မှာ တပို့တွဲလပြည့်ကျော် ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန် စံပြသဘင်၊ ဟန်ဇာမိုးဝင်းဇာတ်သဘင်တို့နဲ့အတူ ရုပ်ရှင်သရုပ်ဆောင် ဂီတအနုပညာရှင်များစွာ ပါဝင်တဲ့ ဖျော်ဖြေမှုတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါအပြင် လပြည့်နေမှာတော့ ထမနဲထိုးပြီး ဘုရားဖူးဧည့်သည်တွေကို စတုဒိသာလှူဒါန်းကျွေးမွေးသွားမှာပါ'' ဟု  အဆိုပါဘုရားဂေါပကအဖွဲ့ဝင် ဦးသန်းလွင်က ပြောသည်။

တပို့တွဲလဈေးရောင်းပွဲတော်တွင် မြန်မာ့ရိုးရာအစားအစာများ၊ လက်မှုပစ္စည်းများ၊ လူသုံးကုန်၊ အလှကုန်၊ စားသောက်ကုန်နှင့် ဆေးဝါး စသည့် အရောင်းဆိုင်ပေါင်း ၂၀ဝ ခန့် ပါဝင်ပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မဟာမုနိဘုရား ဗုဒ္ဓပူဇနိယပွဲတော်တွင် တပို့တွဲလဆန်း(၁၂)ရက်နေ့မှ တပို့တွဲလပြည့်နေ့အထိ ရဲမိုး ရန်ကုန်ဇာတ်သဘင်အဖွဲ့၊ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့မှ တပို့တွဲလပြည့်ကျော်(၂)ရက်နေ့အထိ ဟား ငါးကောင် ရန်ကုန်အငြိမ့်သဘင်၊ တပို့တွဲ လပြည့်ကျော်(၅)ရက်နေ့မှ တပို့တွဲလပြည့်ကျော်(၈)ရက်နေ့အထိ ရန်ကုန်စံပြသဘင် ဟန်ဇာမိုးဝင်းဇာတ်သဘင်အဖွဲ့တို့၏ ဧည့်ခံဖျော်ဖြေတင်ဆက်မှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

မင်းထက်အောင်(မန်းကိုယ်ပွား)