မန္တလေး၊ နိုဝင်ဘာ ၆

 

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား (၃၃) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်လှူဒါန်း ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို မဟာမုနိဘုရားကြီး ရင်ပြင်တော် မိုးကောင်းဓမ္မာရုံ မဏ္ဍပ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီး လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သည် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုကာ ရင်ပြင်တော်တွင် ကျင်းပသည့် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်လှူဒါန်း ပူဇော်ခြင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မသိုးမြတ်သင်္ကန်းတော်အတွက် ဗိုင်းငင်ဝါဖတ်မှစ၍ ရက်ကန်းစင်တော်များဖြင့် အဆင့်ဆင့်ရက် လုပ်လှူဒါန်း ပူဇော်နေမှုတို့ကို လိုက်လံကြည့်ရှုအားပေးကာ ရက်ကန်းပညာရှင်၊ စက်ချုပ်ပညာရှင်၊ လုပ်အားဒါနပြုအဖွဲ့တို့ကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

 

mdn

 

မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ပူဇော်ခြင်းအား ဗုဒ္ဓမြတ်ရှင်တော် လက်ထက် ဘိက္ခူနီသာသနာတော်ခေတ်၊ မိထွေးတော် ဂေါတမီအားအကြောင်းပြု၍ ခွင့်ပြုတော်မူခဲ့သော ရှေးဟောင်းအမွေအနှစ် ကာလဒါနကို ဖော်ထုတ်ခြင်း၊ ကျေးလက်ယဉ်ကျေးမှုအနုပညာကို ပြသဖော်ထုတ်ခြင်းစသော ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး ရက်လုပ်လှူဒါန်းပူဇော်ရာတွင် ရေကြည်ပေါက်ကျေးရွာ၊ အုန်းတောကျေးရွာ၊ အင်းလေးဒေသ၊ ကိုးလုံးတကာစသည့် ရက်ကန်းပညာရှင်အဖွဲ့နှင့် ကိုးလုံးတကာ စက်ချုပ်ပညာရှင်အဖွဲ့တို့မှ လုပ်အားဒါနပြုကာ  ညတွင်းချင်း ရက်လုပ်၍ တန်ဆောင်မုန်းလပြည့်နေ့နံနက်ပိုင်းတွင် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား ပူဇော်သွားမည်ဖြစ်သည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မဟာမုနိဘုရားကြီး ပိဋကတ်တော်ပြတိုက် အဆင့်မြင့်ပြုပြင် ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးစဉ် ဘုရားကြီးဂေါပအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းမှ အဆောက်အဦပြင်ဆင်ပြီးစီးမှု လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn