နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ မန္တလေးမြို့၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီးနှင့် မဟာဂန္ဓရုံကျောင်းတိုက်ဆရာတော်ကြီးတို့၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှု၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်၊ ရွှေကျီးမြင်ဘုရားအား သွားရောက်ဖူးမြော်ကြည်ညို
နေပြည်တော်၊ ဖေဖော်ဝါရီ - ၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ ၊ သက်တော် ၉၇ နှစ်၊ ဝါတော် ၇၇ ဝါရှိ သက်တော်ရှည်ဆရာတော်ကြီးသည် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိရာမှ ကျန်းမာရေး အခြေအနေပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်သဖြင့် မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ကြီး၌ ပြန်လည်သီတင်းသုံးတော်မူလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော် ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီးအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးထားသည့် အခြေအနေများကို မေးမြန်းရာ တာဝန်ရှိသူများက ဆရာတော်ကြီး၏ ကျန်းမာရေး အခြေအနေများကို ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆရာတော်ကြီး၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် အခြေအနေများကို မပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ကိုယ်လက်လှုပ်ရှားမှုများကိုလည်း မပြတ်ဆောင်ရွက်ပေးသွားရန်နှင့် အခြား လိုအပ်သည်များကို အလေးထားမှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရဖြည့်ငှက်သိုက်နှင့် စားသောက်ဖွယ်ရာများ၊ နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းပြီး ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မန္တလေးမြို့တောင်ဘက်၊ အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်သို့ ရောက်ရှိကြပြီး မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဣန္ဒေါဘာသာဘိဝံသ သက်တော် ၉၃ နှစ်၊ ဝါတော် ၇၃ ဝါရှိ သက်တော်ရှည်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုသည်။ ဆက်လက်၍ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားပြီး ဆရာတော်ကြီး၏ ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို အလေးထား ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရဖြည့် ငှက်သိုက်နှင့် စားသောက်ဖွယ်ရာများ၊ နဝကမ္မအလှူတော်ငွေများကို ဆက်ကပ် လှူဒါန်းရာ ဆရာတော်ကြီးက ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဒါန်းမှုအစုစုအတွက် အမျှပေးဝေကြကာ ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မန္တလေးမြို့ရှိ ရွှေကျီးမြင်ဘုရားသို့ ရောက်ရှိကြပြီး ရှေးမြန်မာမင်းမြတ်တို့ ထီးနန်းစဉ်ဆက် ကိုးကွယ်တော်မူခဲ့သည့် မြန်မာပြည်အရပ်ရပ်မှ ဆုတောင်း ပြည့်ဆင်းတုတော်များ ကိန်းဝပ်စံပ္ပါယ်တော်မူရာ လိုဏ်ဂူတော်အတွင်းရှိ ရွှေကျီးမြင်ရုပ်ပွားတော် အပါအဝင် အညာသီဟတောဘုရား၊ ရွှေကွန်အုပ်ဘုရား၊ မြသိန်းတန်မြတ်စွာဘုရား၊ ရွှေလင်းပင်ဘုရားနှင့် အခြား မြတ်စွာဘုရား၏ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘုရားကြီးအတွက် စုပေါင်းဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုဏ်ဂူတော်အတွင်း ထုဆစ်ပုံဖော်ထားရှိသည့် မြန်မာရိုးရာအနုသုခုမ အမွေအနှစ်များအား စနစ်တကျ ထိန်းသိမ်းသွားရန်၊ ဘုရားဖူးလာမိဘပြည်သူများ စည်းကမ်းရှိစွာဖြင့် ကြည့်ရှုနိုင်ရေး ဆောင်ရွက်ပေးသွားရန်နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရွှေကျီးမြင်ဘုရား ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ပြီး ရွှေကျီးမြင်ဘုရားအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရွှေကျီးမြင်ဘုရား ပရိဝုဏ်တော်အတွင်း တည်ထားကိုးကွယ်ထားရှိသည့် သာသနိကအမွေအနှစ်များကို လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ကြပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်