မန္တလေး ဧပြီ ၁၄
ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့ကို မန္တလေးမြို့ ကျုံးပတ်လည် တစ်လျှောက်ရှိ လမ်းလျှောက် သင်္ကြန်နှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ညွှန်းသည့် တိုင်းရင်းသား ရိုးရာမဏ္ဍပ်များတွင် သင်္ကြန် ချစ်သူပြည်သူများသည် အားပါးတရ အေးချမ်းပျော်ရွှင်စွာ ပါဝင် ဆင်နွှဲကြသည်။
နံနက်ပိုင်းမှစတင်၍ တိုင်းရင်းသားရိုးရာ ရေကစားမဏ္ဍပ်များတွင် သင်္ကြန်ချစ်သူပြည်သူများသည် တိုင်းရင်းသား တိုင်းရင်းသူများ၏ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခြင်း၊ ရေကစားခြင်း၊ စတုဒိသာအဖြစ် ကျွေးမွေးသည့် ဒေသအစားအစာများကို သုံးဆောင်ခြင်းတို့ဖြင့် စည်ကားခဲ့သည်။
ထို့ပြင် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ နိုင်ငံကျော် အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများ၊ လှပျိုဖြူများ၏ ယိမ်းအကအလှများ၊ မြန်မာ့ဆိုင်းဝိုင်းအဖွဲ့၏ ရိုးရာတီးခတ်မှုများကို လာရောက် ကြည့်ရှုခံစားကြသည့် မန္တလေးဒေသခံများ၊ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၊ ရေပက်ခံထွက်သူများ၊ လမ်းလျှောက်ရေကစားသူများဖြင့် စည်ကားပြည့်နှက်လျက်ရှိသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ထူးခြားဆန်းသစ်စွာ ပုံဖော်တည်ဆောက် ထားသည့် ကျုံးပတ်လည် တစ်လျှောက်ရှိ သင်္ကြန်မဏ္ဍပ်များတွင် မိသားစုအလိုက်၊ မိတ်ဆွေ သူငယ်ချင်း အစုအဖွဲ့အလိုက် လမ်းလျှောက်၍ အေးချမ်းပျော်ရွှင်စွာ ရေကစားကြရင်း သင်္ကြန်အကျ နေ့ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြသည်။
အလားတူ (၇၃) လမ်းပေါ်ရှိ မင်္ဂလာမန္တလေး လမ်းလျှောက်သင်္ကြန်တွင် သနပ်ခါးဇုန်များ၊ ပန်းအလှဇုန်များကို အမြင်ဆန်းသစ်စွာ တွေ့မြင်ရပြီး မြန်မာ့ရိုးရာ သနပ်ခါး၏ မွှေးပျံ့သောရနံ့များ နှင့်အတူ ပန်းမျိုးစုံတို့ဖြင့် အလှဆင်ထားသောဇုန်များတွင် လည်ပတ်အပန်းဖြေကြသည့် လူငယ်လူရွယ် များ၊ မိသားစုများဖြင့် စည်ကားလျက်ရှိသည်။
ညနေပိုင်းတွင်လည်း မန္တလေး ကျုံးပတ်လည်တစ်လျှောက်ရှိ ဖျော်ဖြေရေးမဏ္ဍပ်များ၌ ယိမ်းအက များ၊ တေးသီချင်းများဖြင့် ဖျော်ဖြေမှုများကြောင့် လမ်းလျှောက်သင်္ကြန် ပါဝင်ဆင်နွှဲကြသည့် ပြည်သူများဖြင့် ပိုမိုစည်ကားခဲ့သည်။
အလားတူ မြို့နယ်၊ ရပ်ကွက်များအတွင်း ရေပက်ခံမဏ္ဍပ်ငယ်များ တည်ဆောက်၍ လူငယ်များ၊ ကလေးငယ်များ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားခြင်း၊ တစ်နိုင်တစ်ပိုင်စုပေါင်း၍ စတုဒိသာ ကျွေးမွေး လှူဒါန်းခြင်းတို့ဖြင့် သင်္ကြန်အကျနေ့ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည်။
ထို့အတူ မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သော အမရပူရမြို့နယ်ရှိ ဦးပိန်တံတားနှင့် တောင်သမန် မည်စည်လွင်ပြင် အပန်းဖြေ စခန်းတို့တွင်လည်း မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် အနယ်နယ်အရပ်ရပ်မှ လာရောက်၍ တောင်သမန်အင်းအတွင်း ငှက်လှေစီးခြင်း၊ ဦးပိန်တံတား ကြီးပေါ် လမ်းလျှောက်ခြင်း၊ မည်စည်ပင်တန်းရှိရာ နေရာများ၊ ဒေသထွက်ကုန်များ ရောင်းချရာ ဆိုင်တန်းများ၌ တပျော်တပါး မှာယူ စားသောက်ခြင်းတို့ဖြင့် လည်ပတ်အပန်းဖြေ အနားယူကြ သည့် ပြည်သူများဖြင့် စည်ကားလျက်ရှိသည့်အပြင် တောင်သမန် မည်စည်လွင်ပြင် အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် အေးချမ်းပျော်ရွှင်စွာ ကခုန်သီဆိုကြရင်း သင်္ကြန်အကျနေ့ကို အားပါးတရ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


