မန္တလေး ၅  မေ

 

ကိုဗစ်-၁၉ ရောဂါကြောင့် စျေးများပိတ်ထားခဲ့ရာ အချိန်ကြာမြင့်လာသည်နှင့် စျေးသူ/ သားများ အရောင်းအဝယ် အခက်အခဲမရှိစေရန်အတွက် မန္တလေးမြို့၊ မန်းမြန်မာပလာဇာရှိ ဈေးဆိုင်ခန်းများမှ ပစ္စည်းများအား ဆိုင်ရှင်များကို မေလ ၄ ရက်နှင့် ၅ရက်များတွင် ပစ္စည်းများ စနစ်တကျ ထုတ်ယူခွင့်ပြုခဲ့သည်။

 

"မန်းမြန်မာပလာဇာအတွင်းက ဆိုင်ရှင်တွေကို အုပ်စု (၉)စုခွဲပြီး သူ့အချိန် သတ်မှတ်ချက်နဲ့ သူ ပစ္စည်းများသယ်ယူရန် ဝင်ခွင့်ပြုခဲ့ပါတယ်။ ဝင်တဲ့အခါမှာ ဆိုင်ရှင်ရယ်၊ အလုပ်သမားရယ်၊ စည်ပင် သာယာက တစ်ဦးရယ် ပါဝင်ပြီး (၁၀)ဆိုင် ဝင်ခွင့်ပြုတယ်၊ သယ်ယူချိန် မိနစ်(၃၀)ပေး ထားတယ်၊ အများဆုံး သယ်ယူတာကတော့ အဝတ်အထည်တွေ ပါပဲ"ဟု အဆိုပါ စျေးအကျိုးတော်ဆောင် ဦးနိုင်ဦးက ပြောကြားသည်။

 

ပစ္စည်းတွေသယ်ယူတဲ့နေရာမှာ လူစုလူဝေး မဖြစ်စေရေးအတွက် ကိုယ့်အလှည့် မတိုင်မီ ၁၅မိနစ်ထက် စောပြီး မလာဖို့၊  ရောဂါကာကွယ်ရေးအတွက်  နှာခေါင်းစည်း တပ်ဆင်ရေး၊ အဝင်အထွက်လမ်းများ မထပ်စေရေးအတွက် ဝင်ပေါက်များ သတ်မှတ်ပေးထားခြင်း၊ လုံခြုံရေးအတွက် စည်ပင်သာယာက စီစဉ်ပေးထားတဲ့ လည်ဆွဲကတ်ပြား များ တပ်ဆင်ရေး၊ စျေးအတွင်းဝင်ရောက်သူများနှင့်အတူ စည်ပင်သာယာဝန်ထမ်း တစ်ဦးစီ လိုက်ပါ စောင့်ကြည့်ရေး၊ သော့ဖွင့်ထုတ်ယူနေစဉ်မှာလည်း သော့ဖွင့်စာရင်းကို ဆိုင်ရှင်တွေရဲ့ လက်မှတ်ထိုးနဲ့အတူ ကောက်ယူခြင်း၊ သက်ဆိုင်ရာ လိုင်းကိုယ်စားလှယ်များက အပြင်ကနေ ကြီးကြပ်ရေးတို့ကို ဆောင်ရွက်ထားပါတယ် ၎င်းက ဆက်လက်ပြောကြားသည်။

 

ထိုသို့ သယ်ယူခွင့်ပြုရာသို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ စျေးနှင့် သားသတ်ဌာန၊ စျေးဌာနခွဲ၊ ဒုဌာနခွဲမှူး ဦးတင်စိုးနှင့် တာဝန်ရှိသူများ၊စည်ပင်သာယာ ရဲတပ်ဖွဲ့ ဝင်များ၊ စျေးအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူများမှ ကြီးကြပ် ဆောင်ရွက်ခဲ့ပြီး ပစ္စည်း သယ်ယူခွင့်နှင့် ပတ်သက်၍ စျေးအကျိုးတော်ဆောင်အဖွဲ့နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ စျေးနှင့် သားသတ်ဌာနတို့ ညှိနှိုင်းဆွေးနွေးချက်အရ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ကြိုတင် လျှောက်ထားသူများကိုသာ စိစစ်၍ ဝင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

           

အလားတူ မန္တလေးဈေးချိုတော်ရှိ ဈေးဆိုင်ခန်းများမှ ဆိုင်ရှင်များကိုလည်း ဧပြီ ၂၇ ရက်က ပစ္စည်းများသယ်ယူရန် ကြိုတင်လျှောက်ထားသူများကို ပစ္စည်းများ ထုတ်ယူခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)