မန္တလေး ၂ ဒီဇင်ဘာ
မန္တလေးမြို့ရှိ ပန်းပုဈေးကွက်တွင် လက်ရှိအချိန်၌ ရှေးခေတ်လက်ရာဟန် ဒီဇိုင်ပုံစံများဖြင့် ထုဆစ်ထားသည့် နတ်ရုပ်တုများအား မှာယူသူများပြားကာ အရောင်းသွက်နေကြောင်း မန္တလေးမြို့မှ ပန်းပုလုပ်ငန်းရှင်များက ပြောကြားသည်။
ပန်းပုလုပ်ငန်းဆောင်ရွက်ရာတွင် သစ်သားရှားပါးခြင်း ပြည်တွင်း၌ ဝယ်ယူသူနည်းပါးခြင်းနှင့် ပန်းပုရုပ်တုကြီးများအား ဝယ်ယူမှုမရှိခြင်းတို့ကြောင့် ဈေးကွက်အတွင်း ပြည်ပခရီးသွားများ အမှတ်တရအဖြစ် ဝယ်ယူမှုများပြားသည့် ရှေးခေတ်မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဒီဇိုင်ပုံစံ ရုပ်တုအသေးများကိုသာ ထုဆစ်ရောင်းချနေရကြောင်း မန္တလေးမြို့ ပန်းပုလုပ်ငန်းရှင် ဦးနိုင်လင်းက ပြောသည်။
''၂၀၁၇ ခုနှစ်လောက်ကစပြီး ပန်းပုဈေးကွက်မှာ ရတနာပုံအင်းဝခေတ်က လက်ရာဟန်တွေနဲ့ ထုဆစ်ထားတဲ့ ရှေးဟောင်းဒီဇိုင်းပုံစံအရုပ်တွေကို ဝယ်ယူမှုများပြားလာတယ်။ အဓိက ပြည်ပထိုင်းနိုင်ငံက နိုင်ငံတကာဈေးကွက်ကို တစ်ဆင့် ပြန်လည်ရောင်းချဖို့ ရှေးခေတ် နတ်ရုပ်တုတွေ ၃၇ မင်း နတ်ရုပ်ပုံစံတွေကိုပဲ မှာယူတာ များလာတယ်။ အရွယ်အစားက သယ်ယူမှု လွယ်ကူတဲ့ ၂ ပေနဲ့ ၃ ပေအရွယ် ပန်းပုရုပ်တုတွေပဲ ရောင်းရတယ်။ ပြည်တွင်းမှာတော့ ဟိုတယ်တွေမှာပဲ အလှဆင်ဖို့ ဝယ်ယူတာလောက်ပဲ ရှိတယ်။ ၁၀ ပေ ၁၅ ပေအရွယ် ပန်းပုရုပ်တုတွေကတော့ ဝယ်ယူသူမရှိသလောက် ရှားပါးသွားပြီး ဘုရားတည်မယ့် အလှူရှင်တွေ ရှိမှပဲ ထုဆစ်ပေးရတော့တယ် ''ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်လာမှု နှင့်အတူ လက်ရှိကာလသည် ခရီးသွားရာသီရောက်ရှိနေသဖြင့် ပန်းပုလုပ်ငန်းများ ပုံမှန်အရောင်းအဝယ် ဖြစ်နေကြောင်း မန္တလေးမြို့ မဟာမုနိဘုရားတွင် ဖွင့်လှစ်ရောင်းချသည့် ပန်းပုအရောင်းဆိုင်များမှ သိရသည်။
မြန်မာ့ရိုးရာလက်မှုပညာရပ်ဖြင့် ထုဆစ်ထားသည့် ပန်းပုရုပ်များအား တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံ တို့မှ အများဆုံး ဝယ်ယူကြပြီး ရုပ်တုပြုလုပ်သည့် သစ်အမျိုးအစား ဒီဇိုင်းပုံစံနှင့် အရွယ်အစားပေါ် မူတည်၍ ငွေကျပ် တစ်သောင်းမှ ကျပ်တစ်သိန်းဝန်းကျင်ရှိ ရုပ်တုအသေးများကိုသာ အဓိက ရွေးချယ်ဝယ်ယူမှုများပြားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


