မန္တလေး ၁၇ ဇူလိုင်


မန္တလေးမြို့အတွင်း ရေကြီး၊ ရေလျှံမှု ကာကွယ်ရန်အတွက် ရေဂါလန် သိန်း ၃၀ ဆံ့သည့် မိုးရေထိန်းကန်ဆောက်လုပ်ပြီးပြီဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

1

 


ရေဂါလန် သိန်း ၃၀ ဆံ့သည့် မိုးရေထိန်းကန်ကို မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ၆၈ လမ်း၊  ၆၂ ကြား သိပ္ပံလမ်းနှင့် မြဝတီလမ်းကြားတွင် တည်ဆောက်ထားသည်။

 

1

 


‘တည်ဆောက်ခဲ့တာကြာပြီ အရင်စည်ပင်ကော်မတီဝင်တွေ လက်ထက်ကတည်းက တည်ဆောက်ခဲ့တဲ့ ကန်ကြီးပါ။ တူးထားပေမယ့် သိပ်ပြီးမအောင်မြင်ပဲ ရေဆိုးတွေစုပြီး ရေတွေကပုပ်နေတယ်။ ခုအဲဒီရေကန်ကို မွမ်းမံပြင်ဆင်တာ ပြီးသွားပြီ။ မန္တလေးရဲ့ သဘာဝက မိုးများရင် ရေစီးစရာနေရာမရှိတော့ မြုပ်တဲ့သဘောရှိတယ်။ အခု ဒီရေကန် ပြီးသွားပြီဆိုတော့ ရေကန်ထဲမှာ ရေတွေစုမယ်။ အိမ်တွေ လမ်းတွေရေနစ်တာ မရှိတော့ဘူး’ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။


အဆိုပါ ရေကန်တွင် ရေဂါလန် ၃၃၀,ဝ၀ဝ စုပ်ထုတ်နိုင်သည့် ရေစုပ်စက် လေးလုံးတပ်ဆင်ထားပြီး ရေကန်ထဲသို့ ရောက်ရှိလာသည့် ရေများကို စုပ်ယူကာ ပရံတော်ချောင်းအတွင်းသို့ စွန့်ပစ်မည်ဖြစ်ကြောင်း သိရသည်။ ယခုလိုရေထိန်းကန်ဆောက်လုပ်လိုက်သည့်အတွက် မန္တလေးမြို့၏ အရှေ့ဘက်နှင့် တောင်ဘက်ခြမ်းရှိ ရပ်ကွက်များတွင် ရေကြီး၊ ရေလျှံမှု ကာကွယ်ပေးမည်ဖြစ်ကြောင်း သိရသည်။


မန္တလေးတစ်မြို့လုံး ရေကြီးရေလျှံမှု ကာကွယ်ရန်အတွက် ယခုလို ရေထိန်းကန်တစ်ခုကို အောင်မြေသာစံမြို့နယ်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


အိမို့မို့ခိုင်
Photo- မြို့တော်ဝန် ဒေါက်တာရဲလွင် facebook