မန္တလေး ၁၉ ဧပြီ
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်များ စာရင်းကောက်ယူခြင်း နှင့်အသိပညာပေးခြင်းလုပ်ငန်းများ မန္တလေးမြို့၏ အဓိက ဝင်ပေါက်ဖြစ်သော ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၆၅) တံခွန်တိုင်တိုးဂိတ်တွင် သက်ဆိုင်ရာအဖွဲ့ အစည်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“တံခွန်တိုင်တိုးဂိတ် ပူးပေါင်းပိတ်ဆို့မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတာပါ၊ ဒီရက်တွေမှာတော့ ည(၁၀) နာရီ မှ မနက် (၄)နာရီ ထိ တားမြစ်မိန့်ထုတ်ပြန်လိုက်တော့ ယာဉ်ဝင်ရောက်အနေဖြင့် ပျမ်းမျှ ညပိုင်းမှာ ယာဉ်အစီးရေ(၈၀) လောက်ဝင်ပါတယ်၊ နေ့ခင်းဘက်ဖြစ်တဲ့ မနက်(၆)နာရီမှ ညနေ(၆)အထိ ကတော့ ပျမ်းမျှယာဉ်အစီးရေ (၁၈၀) လောက် ဝင်ပါတယ်၊ယာဉ်ကြောကြပ်တည်းမှုမဖြစ်စေရေးနှင့် ခရီးသွားပြည်သူများ လုံခြုံရေးကိစ္စရပ်တွေကို ဆောင်ရွက်ပေးနေပါတယ် ”ဟု ပြည်ကြီးတံခွန် မြို့မရဲစခန်းမှ ရဲအုပ်သန်းနိုင် က ပြောကြားသည်။
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နေ့/ည နှစ်ဖွဲ့ခွဲပြီး (၂၄) နာရီ ဆောင်ရွက် နေပါတယ်၊ နေ့အဖွဲ့ကို မနက် ၈ နာရီ မှ ည(၆) နာရီအထိ ဆောင်ရွက်ပြီး ညအဖွဲ့ကတော့ ညနေ(၆) နာရီ နံနက်(၈) နာရီ အထိ ဆောင်ရွက်နေပါတယ်၊ မြို့ဝင်လာတဲ့ ခရီးသည်များကို ကျန်းမာရေး စစ်ဆေးတာတွေ ဆောင်ရွက်ပါတယ်၊ ဘယ်က လာလဲ၊ ဘယ်မှာနေလဲ၊ဘယ်မှာတည်းမှာလဲ ဆိုတာကစ ကိုယ်ရေး အချက်အလက်တွေကို စာရင်းကောက်ယူပါတယ်၊ ကျန်းမာရေး အသိပညာပေး လုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်၊ တတ်နိုင်သမျှ အိမ်အပြင်မထွက်ဖို့ အသိပညာပေးပါတယ်၊မ ဖြစ်အနေထွက်မယ်ဆိုရင်လည်း Mask တပ်ဖို့ အသိပညာပေးတာတွေ ဆောင်ရွက်ပါတယ်” ဟု ပြည်ကြီးတံခွန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူးဒေါ်သီတာဝင်းက ပြောကြားသည်။
ထို့သို့ဆောင်ရွက်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရံတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ လ.ဝ.က၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ ပူးပေါင်း၍ မန္တလေးမြို့သို့ ဝင်ရောက်လာရောက်သော ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးခြင်း၊ကိုယ်ရေးအချက်အလက် စာရင်း ကောက်ယူခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)