မန္တလေး ၁၂ မေ
ယခုရက်ပိုင်းအတွင်း သိသာစွာ မြင့်တက်လာသည့် အပူချိန်များကြောင့် အပူပိုင်းဒေသ မန္တလေးမြို့၏ အိုအေစစ် နေရာလေး တစ်ခုဖြစ်သော ၇ မိုင် သဘာဝကမ်းခြေသို့ အပူရှောင်သူများနှင့်အပန်းဖြေ လာရောက်ကြသများဖြင့် အထူးစည်ကားလျက်ရှိသည်။
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ မေ ၁၂ ရက်(ယနေ့) ထုတ်ပြန်ချက်တွင် မန္တလေးမြို့၏ အပူချိန်မှာ ၄၄ ဒီဂရီစတင်တီဂရိတ်အထိ မြင့်တက်နေပြီး ယခုရက်ပိုင်းတွင် မန္တလေးတွင် အပူချိန်များ ထိုသို့ သိသာစွာ မြင့်တက်နေခြင်းကြောင့် မန္တလေးမြို့ခံ ပြည်သူများနှင့် အနီးဝန်းကျင်ဒေသများသည် ပြင်းလွန်းလှသည့် အပူရှိန်ကို အန်တုနိုင်ရန် အေးမြသည့် နေများသို့ ရွေးချယ်၍ တချို့မိသားစု အလိုက်ဖြစ်စေ၊ တချို့မိတ်ဆွေ သူငယ်ချင်း အဖွဲ့လိုက်ဖြစ်စေ လာရောက်ကြကာ အပူရှောင်ရင်း အနားယူပန်းဖြေကြသည်။

၇ မိုင် သဘာဝကမ်းခြေသို့ လာရောက်အပန်းဖြေကြသူများအနေဖြင့် မော်တော် ယာဉ်များဖြင့် မန္တလေးဘက်မှလာလျှင် အချိန် တစ်နာရီခန့်၊ ပြင်ဦးလွင်ဘက်မှ လာလျှင် အချိန် တစ်နာရှိခွဲခန့်သာ ကြာမြင့်မည် ဖြစ်သည်။
၇ မိုင်သဘာဝကမ်းခြေကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ အထိ ဖွင့်လှစ်ထားပြီး နေ့စဉ်ပုံမှန် လာရောက်အပန်းဖြေကြသူ ၅၀ဝ ၊ ၈၀ဝ ဝန်းကျင်ရှိကြောင်း၊ အထူးသဖြင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များနှင့် နေ့ထူးနေ့မြတ် အခါကြီး ရက်ကြီးများတွင် လာရောက်သူ ၁၀ဝ၀ မှ ၁၅၀ဝ အထက်ရှိကြောင်း၊ လာရောက်သူ အများစုများ လူငယ်များ များပြားကြောင်း၊ ဝင်ကြေးမှာ တစ်ဦးလျှင် ငွေကျပ် ၂၀ဝ၀ ဖြစ်ကြောင်း ၇ မိုင် သဘာဝကမ်းခြေမှ တာဝန်ရှိသူ ဦးထွန်းမြင့်က ပြောသည်။

``အခုရာသီဥတုက အရမ်းကို ပူလာပြီ၊ ပူလာတဲ့အတွက်ကြောင့် ဒီမန္တလေးမြို့ ကသူတွေရဲ့ သဘာဝကတော့ ပူလာရင် သူတို့က ထွက်ပြီး အပူရှောင်ကြတယ်။ မိုးနည်း နည်းရွာလာပြီဆိုရင်တော့ သိပ်မလာတော့ဘူး။ စောစောက ပြောသလို အခုချိန်မှာ ပူတဲ့အတွက်ကြောင့် လာရောက်တဲ့သူတွေက တစ်နေ့တစ်ခြား ပိုပိုများလာတယ်၊ ဝင်ကြေးကလည်း ကျွန်တော်တို့ အရင်က တစ်ဦးကို ငွေကျပ် ၁၀ဝ၀ သတ်မှတ်ပေမယ့် အပန်းဖြေသူများအတွက် ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်အောင် လိုအပ်တဲ့ပစ္စည်းတွေ ထပ်မံဝယ်ယူဖြည့်ဆည်း ရတာများပြားလာတဲ့အတွက် ပြီးခဲ့တဲ့ တပေါင်းလပြည့်နေ့ ကစပြီး တစ်ဦးကို ငွေကျပ် ၂၀ဝ၀ တိုးမြှင့်ကောက်ခံခဲ့တယ်´´ ဟု ၎င်းက ပြောသည်။
လာရောက်အပန်းဖြေကြသူများသည် သဘာဝရေကြည်၊ ရေသန့်အေး အေးလေးဖြင့် ရေကစားနိုင်သဖြင့် စိတ်ကျေနပ်မှုကို အပြည့်အဝ ရရှိစေသည့်အပြင် သဘာဝရေရှင်များဖြစ်သည့်အတွက် ကျန်းမာရေးအတွက်လည်း အထူးစိတ်ချရကြောင်း သိရသည်။

``ကျွန်တော့် ဒီလိုနေရာကို ကြားသာ ကြားဖူးတာ၊ တစ်ခါမှ မရောက်ဖူးဘူး။ အခုလို ရောက်လာတော့လည်း တကယ့်ကို ပျော်စရာပါပဲ။ စိတ်ကျေနပ်မှု အပြည့်အဝရရှိပါတယ်။ ရေကစားရင်းနဲ့ ကစားစရာတွေ အစုံအလင် ကစားလို့လည်း ရတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ သေနတ်ပစ် ကစားတယ်။ နောက် ဘတ်စကက်ဘော ကစားတယ်။ ပြီးရင် ရေပြန်ဆော့ကစားတယ်´´ ဟု ကျောင်းပိတ်ရက်တွင် အပန်းဖြေရတဲ့လာရောက်သည့် ညောင်ဦးမြို့မှ ကိုထက်ပိုင်ရဲက ပြောသည်။
ကမ်းခြေတွင် ရေကစားကြသူများအား ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် ပျော်ရွှင်စွာ ရေကစားနိုင်ရန် စခန်းမှဝန်ထမ်းက အသက်ကယ်လှေများဖြင့် အချိန်ပြည့် စောင့်ကြပ်ပေးလျက်ရှိသည်။ အပန်းဖြေလာရောက်သူများအတွက် ဂိမ်းကစားနည်း အမျိုးမျိုး၊ ကလေးငယ်များ ဆော့ကစားနိုင်မည့် ကစားကွင်းများအပြင် မျက်လှည့်ပြပွဲနှင့် မြူးကြွလှသည့် တေးသီချင်းများဖြင့် သီဆို ကပြဖျော်ဖြေမှုကိုလည်း စီစဉ်ပေးထား သဖြင့် လာရောက်သူအပေါင်းကို စိတ်ကျေနပ်မှုအပြည့်အဝ ခံစားရရှိစေမည်ဖြစ်သည်။
ကမ်းခြေဘေးတွင် ဈေးနှုန်းသင့်တင့်မျှတသည့် စားသောက်ဆိုင်တန်းများ၊ ဒေသခံထွက်ကုန်ပစ္စည်းများ ရှောင်းချနေသည့် ဆိုင်တန်းကလေးများရှိသည့်အပြင် အပန်းဖြေလာရောက်သူများ ကားများကို စနစ်တကျ ရပ်နားနိုင်ရန် ကားပါကင်ကိုလည်း ကျယ်ဝန်းသပ်ရပ်စွာဖြင့် ဆောက်လုပ်ပေးထားသည်။
၇ မိုင်ကမ်းခြေသည် မန္တလေးနှင့် ပြင်ဦးလွင်မြို့တို့အကြား ဒုဋ္ဌဝတီမြစ်ပေါ်တွင် တည်ရှိပြီး ဘေးပတ်လည်တွင် အလွန်မြင့်မားသည့် လှပသည့် တောင်တန်းကြီးများ ဝန်းရံထားသည့်အတွက် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများအတွက် စိတ်ကျေနပ်ကို ရာနှုန်းပြည့် ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။
တင်မောင်လွင်၊ ဓာတ်ပုံ-မောင်မွှေး