မန္တလေး ၁၃ ဒီဇင်ဘာ
မန္တလေးမြို့၏ နိုင်ငံတကာအဆင့်မီ (၁၇၂) ခုတင်ဆံ့ မင်္ဂလာအထွေထွေရောဂါ အထူးကုဆေးရုံကြီး၏ ဝန်ဆောင်မှုများ မိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မဟာအောင်မြေမြို့နယ် ၄၂ လမ်းနှင့် ၄၃ လမ်းကြား ၅၈ လမ်း အမှတ် ၃၀ ရှိ အဆိုပါဆေးရုံခန်းမ၌ ကျင်းပရာ မင်္ဂလာဆေးရုံ လုပ်ငန်းစု၏ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာဥဂ္ဂါကျော်က မင်္ဂလာဆေးရုံ MINGA၊AR HOSPITA၊ ၏ သမိုင်းကြောင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းပြောကြား၍ တက်ရောက်လာသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါမင်္ဂလာဆေးရုံသည် မဟာရဲမွန် ကုမ္ပဏီ၏ လက်အောက်တွင်ရှိသော မင်္ဂလာဆေးရုံ လုပ်ငန်းစု၏ အဓိကဆေးရုံကြီးဖြစ်ကာ (၁၇၂)ခုတင်ဆံ့ အထွေထွေရာဂါ အထူးကုဆေးရုံဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ နိုင်ငံတကာအဆင့်မီ ရောဂါရှာဖွေကုသရေး စက်ပစ္စည်းများနှင့် ဝန်ဆောင်မှု ပေးအပ်ရန် ရည်ရွယ်လျက် ငလျင်ဒဏ်ခံ အဆောက်အအုံဖြစ် ခိုင်ခံ့စွာ တည်ဆောက်ထားကြောင်း၊ နိုင်ငံတကာအဆင့်မီ မီးဘေးကာကွယ်ရေးစနစ်များလည်း ထည့်သွင်းတည်ဆောက်လျက် အထက်မြန်မာပြည်တွင် အောင်မြင်စွာ ဝန်ဆောင်မှုပေးနိုင်သော ဆေးရုံလုပ်ငန်းစုဖြစ်ရန်နှင့် ဈေးနှုန်း သင့်တင့်စွာဖြင့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုများ ပေးရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဆေးရုံကြီးတွင် ပြင်ပလူနာဌာန၊ ခွဲစိတ်ခန်းများ၊ ဆေးကုသဆောင်၊ အရေးပေါ်လူနာဌာန၊ အထူးကြပ်မတ် ကုသဆောင်၊ ဓါတ်ခွဲခန်း၊ ဓါတ်မှန်နှင့် ပုံရိပ်ဖော်ဌာန၊ ဆေးကောင်တာ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ မှန်ပြောင်းကြည့်ရှုကုသဌာန၊ ကျောက်ကပ်တု သွေးသန့်စင်ဌာနများ ပါရှိလျက် ကျွမ်းကျင်သော အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးနိုင်ရန် အကောင်းဆုံးဝန်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ဆေးရုံဖွင့်လှစ်သည့် အထိမ်းအမှတ်အနေဖြင့် လူနာအခန်းခများကို ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်နေ့အထိ ၅၀% အထူးဈေးနှုန်းဖြင့်လည်းကောင်း၊ ကျန်းမာရေး ဆေးစစ်ခြင်းတွင် ၃၀ ရာခိုင်နှုန်း အထူးလျှော့ဈေးဖြင့်လည်းကောင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)