မန္တလေး ၁၄ နိုဝင်ဘာ

ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များသည် မန္တလေးမြို့သို့ရောက်သည်နှင့် ကျုံးတော်၊ နန်းမြို့ရိုး ပြာသာဒ်နှင့် ရွှေနန်းတော်တို့ကို အားထားလေ့လာကြသည်။ နိုင်ငံတကာခရီးသွားများကမူ ရှေးခေတ် ရတနာပုံခေတ်တွင် ရွှေမြို့တော်ဟု တင်စားထားသော နန်းမြို့အတွင်း ဝင်ခွင့်ရခြင်းကို ထူးကဲသော အခွင့်အရေးတစ်ရပ်အဖြစ် သတ်မှတ်ကြသည်။ မြန်မာဘုရင်များ၏ နောက်ဆုံးမင်းနေပြည်ဖြစ်သော မန္တလေးမြို့တွင် ရှေးခေတ်ကျုံးတော်၊ နန်းမြို့ရိုးပြာသာဒ်များနှင့်အတူ မြနန်းစံကျော် ရွှေနန်းတော်ကို လေ့လာနိုင်သည်။ ရှေးခေတ်ရွှေမြို့တော်၏ ဂုဏ်ဒြပ်အဖြစ် ယနေ့တိုင် ဂုဏ်ယူနေရသော ကျုံး၊ နန်းမြို့ရိုးပြာသာဒ်တို့မှာ စိတ်ဝင်စားဖွယ်ကောင်းပြီး ရှေးခေတ်လုံခြုံရေးဆိုင်ရာ နည်းပညာများကို လေ့လာမှတ်တမ်းပြုနိုင်သည့်နေရာပင် ဖြစ်သည်။

လေးထောင့်စတုရန်းပုံ တည်ထားသော မြို့တော်တွင် လေးဖက်လေးတန်မြို့ရိုး ကာရံထားသည်။ မြို့ရိုးတစ်ဖက်လျှင် တာ ၆၀၀ စီခွဲကာ ကိုက်ပေါင်း ၂၂၁၆ ကိုက်စီဖြင့် တည်ဆောက်ထားပြီး လေးဖက်လေးတန် စုစုပေါင်းတာ ၂၄၀၀ (၅ မိုင် ၁ ဖာလုံ) စတုရန်းကွက်ကျ တည်ဆောက်ထားပုံမှာ စနစ်ကျလှသည်။ မြို့ရိုးတစ်ဖက်လျှင် တစ်မိုင် နှစ်ဖာလုံစီရှည်ပြီး ရှေးခေတ်မြို့ရိုးများ လုပ်ထုံးလုပ်နည်းအတိုင်း အုတ်၊ ရွှံ့တို့ဖြင့်စီကာ ခိုင်ခံ့အောင် တည်ဆောက်ထားပုံမှာ စိတ်ဝင်စားဖွယ် နည်းပညာဖြစ်သည်။

ထုထည်ကို ခိုင်ခံ့အောင် စီမံထားပုံမှာ စိတ်ဝင်စားဖွယ်ဖြစ်ပြီး လက်ရှိကာလတွင် အလှပဆုံးသော ရှေးဟောင်းအမွေအနှစ်အဖြစ် တည်ရှိနေသည်။ မြို့ရိုးထု ၁၀ ပေ၊ အမြင့် ၂၇ ပေအထိ စီမံပြုလုပ်ထားသည်။ လေးဖက်လေးတန် မြို့ရိုးတစ်လျှောက်တွင် စစ်သည်များ အလွယ်တကူ သွားလာနိုင်အောင် စီမံထားပြီး သူရဲခိုဟု ခေါ်သော စစ်သည်ရဲမက်များခိုလုံရာ အုတ်ထရံငယ်ကလေးများ ပါရှိသည်။ သူရဲခိုများတွင် သေနတ်ပစ်ရန် အပေါက်များပါပြီး အပေါက်များမှာ ၂ ပေ ၉ လက်မ ကျယ်သည်။ တစ်ပြနှင့် တစ်ပြအကြား သူရဲခို (၇၀)ထားရှိခြင်းနှင့်အတူ မြို့ရိုးပတ်လည် သူရဲခို ၃၈၀၀ ခန့်ထားရှိပုံမှာ ကာကွယ်ရေးအတွက် စနစ်ကျလှသည်။

ခိုင်ခန့်ဝံ့ထည်သော မြို့ရိုးတစ်လျှောက်တွင် တံခါးမကြီး ၁၂ ခု၊ ထောင့်ပြကြီး လေးလုံး၊ ပြငယ် ၃၂ ပြနှင့် ပြာသာဒ်တော်ပေါင်း ၄၈ ဆောင်ဖြင့် လှပလျက်ရှိသည်။ နန်းမြို့ရိုးတစ်မျက်နှာတွင် တံခါးပေါက် သုံးပေါက်စီထားရှိကာ အလယ်တံခါးမကြီးအဖြစ် ကျုံးကူးတံတားဖြင့် တည်ဆောက်ထားသည်။ အဝေးမှမြင်ရလျှင်ပင် ခိုင်ခန့်တင့်တယ်လှပစွာ မြင်နေရသော ကျုံးတော်ပတ်လည်ဝိုင်းပတ်ထားသော နန်းမြို့ရိုးပြာသာဒ်များမှာ အမြင်မရိုးနိုင်သော အလှတရားများဟု ညွှန်းဆိုကြသည်။ ရှေးခေတ်ကာကွယ်ရေး     သင်္ကေတ နန်းမြို့ရိုးစီမံပုံ အစိတ်အပိုင်းအခေါ်အဝေါ်များသည်ပင် စိတ်ဝင်စားဖွယ်ဖြစ်နေသည်။ စနစ်တကျ ပြုလုပ်ထားသော ကားဆွဲပေါက်၊ တုရင်၊ တန်ဆောင်း၊ နရန်း၊ နင်းကြမ်း၊ ပြ၊ မီးကာ၊ မော်ကွန်းတိုင်၊ ပစ္စင်၊ ရင်လျောက်၊ လည်ပေါ်၊ သူရဲခိုနှင့် သူရဲပြေးအခေါ်အဝေါ်များနှင့်အတူ စနစ်တကျပြုလုပ်ထားသည်။

ထိုအခေါ်အဝေါ် သင်္ကေတများတွင် ကားဆွဲပေါက်ခေါ် လက်နက်ပေါက်၊ နင်းကြမ်းခေါ် အရှင်ထိုးသည့်တံတား၊ မီးကာခေါ် နန်းမြို့ရိုးတံခါးမ အဝင်တည့်တည့်တွင်ထားကာ ခဲယမ်းမီးကျောက် အမြောက်ကျည်ဆံကာကွယ်ရာ အုတ်ရိုး၊ ပစ္စင်ခေါ် အမြောက်တင် ပစ်နိုင်သောနေရာ၊ သူရဲခိုခေါ် စစ်သည်များ အကာအကွယ်ပြု ခိုလုံရာနေရာ၊ သူရဲပြေးခေါ် စစ်သည်သူရဲတို့သွားလာနိုင်ရန် ပြုလုပ်ထားသည့် လမ်းတို့ ထည့်သွင်းထားပုံမှာ အရေးပါလွန်းလှသည်။ မန္တလေးမြို့ရောက် ပြည်တွင်းပြည်ပခရီးသွား ဧည့််သည်များမှာ လှပတင့်တယ်နေပြီး မန္တလေးသင်္ကေတဖြစ်သော နန်းမြို့ရိုးနှင့် ပြာသာဒ်ကို မန္တလေးမြို့၏ အလှတရားအဖြစ် အားထားလေ့လာ မှတ်တမ်းယူကြသည့် ဂုဏ်ယူဖွယ်နေရာတစ်ခုအဖြစ် တည်ရှိသည်။

တိမ်တမန်