မန္တလေး  ၁၈  သြဂုတ် 

 

မန္တလေးမြို့ရဲ့ ထင်ရှားတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ်ဝါခေါင်လဆန်း ၈ ရက်မှာကျင်းပတဲ့ အိုးပုတ် ပွဲတော်ကို အခုလ ၁၉ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းရှိ ဒေသအသီးသီးမှာ သူ့ဓလေ့ ၊ သူ့ယဉ်ကျေးမှုနဲ့အတူ ထင်ရှားတဲ့ပွဲတော်တွေ အမြောက်အမြားရှိပါတယ်။

 

အိုးပုတ်ပွဲတော်ကတော့ တစ်နှစ်မှာ တစ်ရက်တည်းသာကျင်းပတဲ့ ထူးခြားတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ ပွဲတော်ကို အောင်မြေသာစံမြို့နယ် ၊ အိုးဘို ၊ ရွှေကျင်ရပ်ကွက် ကမ်းနားလမ်းတစ်လျှောက်မှာ ကျင်းပတာဖြစ်ပြီး မန္တလေးမြို့သူ ၊ မြို့သားတွေသာမက အခြားဒေသကလည်း လာရောက်လည်ပတ်ကြတယ်။‘တချို့ကလည်း တောင်ပြုံးပွဲတော်ကိုလာရင်းလာကြတယ်။ ဝါခေါင်လဆန်း ၈ ရက်နေ့ ဆိုရင် တိုးမရ အောင်စည်ကားတယ်’လို့ ဒေသခံတစ်ဦးဖြစ်တဲ့ မညိုစန်းကပြောပါတယ်။

 

 

 

အိုးပုတ်ပွဲတော်မှာ ဖြူ ၊ နီ ၊ ပြာ ၊ ဝါ အရောင်သွေးစုံလင်လှတဲ့ အိုးပုတ် ၊ ချိုးရုပ်မျိုးစုံကို လာရောက် ရောင်းချကြတယ်။ အမရပူမြို့နယ်အတွင်းက  အိုးပုတ်လုပ်ငန်းလုပ်ကိုင်တဲ့သူတွေဟာ ပွဲတော် မတိုင်ခင် ၁၀ ရက်ခန့် လောက်ကတည်းက လာရောက်ရောင်းချကြပြီး ပွဲတော်ပြီးလို့ သုံးရက်မြောက် တဲ့နေ့အထိ ရောင်းချကြပါတယ်။

ဆင်ရုပ် ၊ ငှက်ရုပ် ၊ ဇီးကွက်ရုပ် ၊ ငါးရုပ် ၊ ချိုးရုပ် ၊ အိုးပုတ် ၊ ရေခရား ၊ ဆွမ်းအုပ် ၊ ငရုပ်ဆုံ ၊ ရေတကောင်း ၊ စဉ့်အိုး ၊ အုန်းသီး ၊ ငှက်ပျောသီး စတဲ့ ပုံစံမျိုးစုံနဲ့ အရုပ်ကလေးတွေဟာ အင်မတန်မှ လက်ရာမြောက်လှပါတယ်။‘ဒီမှာရောင်းလဲရောင်း ဖောက်သည်လဲပို့တယ်။ ရောင်းရတာကတော့ နှစ်တိုင်း ဘယ်လောက်ပါပါ အကုန်ကုန်တာပဲ။ ရောင်းလို့လည်းမနိုင်ဘူး။ လုပ်လို့လည်းမနိုင်ဘူး’လို့ အိုးပုတ်ရောင်းချသူ ကိုရဲမင်းသိန်းက ဆိုပါတယ်။

အိုးပုတ်ပွဲတော်မှာ အရောင်အသွေးစုံလင်လှတဲ့ အိုးပုတ်တွေသာမက ကျောက်ခတ်ပန်းလေးတွေ ရောင်းချသူတွေလည်း ပေါများလှပါတယ်။ ကျောက်ခတ်ပန်းလေးတွေကို ခေါင်းမှာ ပန်ဆင်ထားတဲ့ အမျိုးသမီးလေးတွေ ၊ အိုးပုတ်ဝယ်နေကြတဲ့သူတွေဟာ တကယ့်ကိုပြောပြလို့မရနိုင်တဲ့ အလှအပတစ်ခုပါပဲ။ 

 

 

 

ဒီပွဲတော်ဖြစ်လာပုံနဲ့ပတ်သက်လို့ မနှဲလေး ငယ်ဘဝက အိုးပုတ်နဲ့ကစားခဲ့တဲ့ နေရာဖြစ်တာကြောင့်လို့ အိုးပုတ်ပွဲတော်ဖြစ်လာတယ်လို့ ပါးစပ်ရာဇဝင်ရှိတယ်လို့သိရပါတယ်။ နှစ်ပေါင်း ၁၀ဝ ကျော်ပြီဖြစ်တဲ့ အိုးပုတ်ပွဲတော်ဟာ ရှေးခတ်မြန်မာဘုရင်တွေလက်ထက်က တောင်ပြုံးပွဲတော်ကို ရေလမ်းခရီးနဲ့ သွားကြတဲ့ အိုပုတ်သည်တွေဟာ အိုးဘိုရပ်မှာ ခေတ္တနားပြီး အိုးပုတ်ရောင်းချရာက ပွဲတော်ဖြစ် လာတယ်လို့လည်း ဆိုကြပါတယ်။ 

 

အိုးပုတ်ပွဲကျင်းပတဲ့နေ့ မှာဆိုရင် အိုးဘိုရွှေကျင်ရပ်ကဒေသခံတွေဟာ လာသမျှဧည့်သည်တွေကို မုန့်ဟင်းခါး ၊ ကြာဇံဟင်း ၊ မုန့်လုံးကြီးဆီစိမ်စတဲ့ မြန်မာ့ရိုးရာ အစားအစာတွေနဲ့ဧည့်ခံလေ့ရှိကြတယ်။ဒီပွဲတော်ကို အိုးပုတ်ပွဲလို့ခေါ်သလို အိုးပုတ်ခိုးပွဲလို့လည်းခေါ်ကြပါသေးတယ်။ အိုးပုတ်တွေကို အလုအယက်နဲ့ ဝယ်သူတွေများချိန်မှာ အပျော်သဘောနဲ့  ရောင်းတဲ့သူမသိအောင်ယူကြတယ်။ 

 

‘အပျော်သဘောနဲ့ယူတာဆိုတော့ပြောလို့လည်းမရဘူး။ မသိအောင်ယူတော့လည်းယူပေါ့။ သိတော့ လည်း ပြန်ပေးကြတာပါပဲ’လို့ ကိုရဲမင်းသိန်းကပြောပါတယ်။မန္တလေးမြို့ကို လာရောက်လည်ပတ်သူတွေအနေနဲ့ ဒီလိုပျော်စရာကောင်းလှတဲ့ ဝါခေါင်လဆန်း ၈ ရက် တစ်ရက်တည်းသာကျင်းပတဲ့ အိုးပုတ်ပွဲတော်ကို လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

 

 

အိမို့မို့ခိုင်