မန္တလေး ၂၇ မတ်
မန္တလေးမြို့တွင် ရောဂါပိုးတွေ့ရှိသူနှင့် သုံးဘီးအတူစီး၍ ပြန်လာသူသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လာရောက်ဆက်သွယ်လာသဖြင့် ကျန်းမာရေးဌာနမှ သွားရောက်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။
၎င်းသည် ရောဂါပိုးတွေ့ရှိသူကို ကားမောင်းပေးသူဖြစ်ပြီး ကျွဲဆည်ကန်ကားကွင်းမှ နေအိမ်သို့ သုံးဘီးနှင့်အတူပြန်လာပြီး လမ်းကလက်ဖက်ရည်ဆိုင်တွင် ဆင်းနေခဲ့ခြင်း ဖြစ်သည်။
၎င်းနှင့်မိသားစုကို အောင်ပင်လယ်ရပ်ကွက်ရှိ နေအိမ်တွင် ၁၄ ရက် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားပြီး လက်ရှိအချိန်ထိ ကျန်းမာရေးကောင်းမွန်နေကြောင်း သိရသည်။
မန္တလေးမြို့တွင် ရောဂါပိုးတွေ့ရှိခဲ့သူ သုံးဘီးငှားရမ်းခဲ့စဉ်က နောက်ထပ်တစ်ယောက် အတူလိုက်ပါ လာသေးကြောင်း သုံးဘီးယာဉ်မောင်းက ပြောသဖြင့် အဆိုပါတစ်ယောက်အား စုံစမ်းနေသည်ဟု မကြာသေးခင်က မြန်မာဒီဂျစ်တယ်နယူးသတင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။
“သုံးဘီးသမားက နှစ်ယောက်လို့ပြောတာကြောင့် ကျွန်တော်တို့ ဆက်စုံစမ်းနေတဲ့အချိန်မှာ သူကိုယ်တိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားလာတဲ့အတွက် သူနဲ့သူ့မိသားစုကို အိမ်မှာ ၁၄ ရက် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားပါတယ်။ ကျန်းမာရေးဌာနမှလည်း စစ်ဆေးမှုတွေ လာရောက် ပြုလုပ်ပေးပြီးပါပြီ။” ဟု မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။
ဖြိုးအိ


