မန္တလေး မေ

 

မန္တလေးမြို့ရှိ ဘုရားစိန်ဖူးတော်ပြုလုပ်ခြင်းစိန်ဖူးတော်သွေးခြင်းလုပ်ငန်းသည် အိမ်တွင်းမှုလုပ်ငန်းများထဲတွင်  လုပ်ကိုင်သူပညာရှင် နည်းပါးသည့်လုပ်ငန်းဖြစ်သည်။

           

ဘုရားစိန်ဖူးတော် လုပ်ငန်းလုပ်ကိုင်ရာတွင် အဓိကကုန်ကြမ်းမှာ မှန်ဖြစ်ပြီး လက်မှုအနုပညာဖြင့် ပေါင်းစပ်ကာ ကုန်ချောဖြစ်သည်အထိ အဆင့်ဆင့်ပြုလုပ်ကြရသည်။ ပထမဦးစွာ မှန်ကုန်ကြမ်းများကို ထင်းမီးဖြင့်ကြိုချက်ကာ  မှန်များပျော့သွားသည့်အချိန်တွင် ဒေသအခေါ် သံလျက် (မှန်ကိုလှိမ့်ယူရသည့်ကိရိယာ) ဖြင့် လုံးကာ လိုအပ်သည့် အရွယ်အစားအတိုင်း လှိမ့်ယူကြရသည်။

 

လိုအပ်သည့် ပုံသဏ္ဍန်အတိုင်း လှိမ့်ယူရရှိသော စိန်ဖူးတော်အကြမ်းများကို ပြာခန်းအတွင်း ထည့်ထားကာ   အေးသည်အထိ ထားရှိကြရသည်။ ကုန်ကြမ်းစိန်ဖူးအရိုင်းတုံး ရသည့်အခါ စိန်ဖူးတော်သွေးသူများထံ အပ်နှံသွေး ယူကြရသည်။ စိန်ဖူးတော်သွေးရာတွင်  အရွယ်အစားအလိုက် သံလျက်ပုံစိန်ဖူးတော်၊ ငှက်ပျောဖူးပုံ စိန်ဖူးတော်အဖြစ် စိန်ဖူးအမျိုးအစားနှစ်ခု ပြုလုပ်ကြရသည်။ ငှက်ပျောဖူးပုံ စိန်ဖူးတော်သွေးရာတွင် လက်ဝင်ပြီး အနုစိပ်ပြုလုပ်ကြရသည်။ ငှက်ပျောဖူးပုံစိန်ဖူးတော်တွင် နနွင်းမကင်းကွက် ထောင့်ချွန်းညီညာစေရန် ပြုလုပ်ကာ (၁၀၈) ကွက်ပြည့်သည်အထိ သွေးယူပေးရသည်။

 

သံလျက်ပုံ စိန်ဖူးတော်တွင် ထောင့်ချိုးညီစေရန် အဓိကထား ပြုလုပ်လေ့ရှိသည်။ အထူးအော်ဒါအနေဖြင့် သလင်းကျောက်ဖြင့် စိန်ဖူးတော်ပြုလုပ်ပါက မဖြစ်မနေ  ၁၀၈ ကွက်ပြည့်စေရန် သွေးပေးကြရသည်။ အများစုသော ဘုရားစိန်ဖူးတော်များကို မှန်ဖြင့်ပြုလုပ်ကြသည်။ စိန်ဖူးတော်သွေးသူများမှာ တစ်နေ့လျှင် စိန်ဖူးတော်ငါးဆယ်ကျော် အထိပြီးစီးသည်။ သုံးလက်မအရွယ် စိန်ဖူးတော်တစ်ခုလျှင် ငွေကျပ်ငါးရာရရှိပြီး တစ်နေ့လျှင် ငွေကျပ် နှစ်သောင်းကျော် ရရှိကြောင်း စိန်ဖူးသွေးလုပ်ငန်းလုပ်ကိုင်သူ ကိုစံလင်းထွန်းက ပြောသည်။

 

တိမ်တမန်