မန္တလေး ၂၃ မတ်
မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်း ငါးခုမှ ပြေးဆွဲနေသည့် မှန်အလုံပိတ် aircon ယာဉ်များတွင် စီးနင်းလိုက်ပါကြသည့် ခရီးသွားပြည်သူများ Covid-19 ရောဂါ ကူးစက်မှုမရှိစေရန် ၎င်းယာဉ်များပေါ်တွင် ပိုးသတ်ဆေး ဖြန်းခြင်းလုပ်ငန်းများကို မကြာမီရက်ပိုင်းအတွင်း စတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ(ဗဟို) ဥက္ကဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။
အဆိုပါကော်မတီမှ ခရီးသွားပြည်သူများ Covid-19 ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းအဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ယာဉ်များပေါ်တွင်ပါရှိသည့် ယာဉ်မောင်မယ်များက Covid-19 ရောဂါကာကွယ်ရမည့် နည်းလမ်းများကို ခရီးသည်များအား ရှင်းလင်းပြောကြားခြင်းများအပြင် ထပ်မံ၍ ကားကွင်းအတွင်းရှိ သက်ဆိုင်ရာ ကားဂိတ်အသီးသီတွင် ကားပေါ်မတက်ခင်၌ လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောနိုင်စေရန် လက်သန့်ဆေးရည်များထားရှိပြီး ကားပေါ်တွင်လည်း လက်သန့်ဆေးရည်ပုလင်းများ ထားရှိပေးထားကြောင်းနှင့် အဝေးပြေးကားဝင်းအတွင်း၌လည်း ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို ကွင်းအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
''ခရီးသွားပြည်သူတွေ Covid-19 ရောဂါကာကွယ်နိုင်ဖို့အတွက် ကျွန်တော်တို့ ကော်မတီက ကြိုးစားဆောင်ရွက် ပေးနေတဲ့အပြင် ဆက်လက်ပြီးတော့ aircon အသုံးပြုထားတဲ့ မှန်လုံကားတွေကနေ ဒီရောဂါပိုးတွေ အများဆုံး ကူးစက်နိုင်တယ်လို့ သိရတဲ့အတွက် ခရီးသွားတွေ စိတ်ရှင်းရှင်းလင်းလင်းနဲ့ စီးနင်းလိုက်ပါနိုင်စေဖို့ ကားမထွက်ခင် တစ်နာရီနဲ့ နှစ်နာရီကြားမှာ အဲဒီကားပေါ်မှာ ပိုးသတ်ဆေးဖြန်းပေးတဲ့ လုပ်ငန်းကို နောက်နှစ်ရက်အတွင်းမှာ စပြီး ဆောင်ရွက်ပေးတော့မှာ ဖြစ်ပါတယ်၊ ခရီးသွားပြည်သူတွေအနေနဲ့လည်း ဒီရောဂါပိုးအန္တရာယ်က ကာကွယ်နိုင်ဖို့ ကားပေါ်မတက်ခင်မှာ ကျွန်တော်တို့ ကားဂိတ်တွေမှာထားရှိတဲ့ လက်သန့်ဆေးရည်ကို အသုံးပြုပြီး လက်ကို စင်ကြယ်စွာ ဆေးကြောပြီးမှ ကားပေါ်တက်ကြဖို့ ပြောလိုပါတယ်'' ဟု ၎င်းက ပြောသည်။
မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းများတွင် Covid-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ ပြည်ကြီးမျက်ရှင် ယာဉ်ရပ်နားစခန်း ဒုတိယတာဝန်ခံ ဒေါ်စောစောဦး ကလည်း '' မန္တလေးမြို့ပေါ်မှာရှိတဲ့ ယာဉ်လိုင်းအသီးသီးကို ဒီရောဂါနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် အချက်တွေကို သိရှိစေဖို့ လက်ကမ်းစာစောင်တွေကို မတ် ၂၀ ရက်က ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ ဒါအပြင် ယာဉ်ပေါ်မတက်ခင်မှာ ခရီးသွားတွေကို တိုင်းတာတဲ့ အပူချိန်တိုင်း ကိရိယာမှာ သာမန်အပူချိန်ထက် ပိုပြီးမြင့်မားနေမယ်ဆိုရင် နီးစပ်ရာ ကျန်းမာရေးဌာနကို အကြောင်းကြားနိုင်ဖို့ ဖုန်းနံပါတ်တွေလည်း ကားတိုင်းမှာ အသိပေးစာတွေ ကပ်ထားတဲ့အပြင် လက်ဆေးကန်တွေလည်း ကားကွင်းတိုင်းမှာ လုပ်ပေးထားပါတယ်'' ဟု ပြောသည်။
မန္တလေးမြို့တွင် ခရီးသွားပြည်သူများ နေရာဒေသအသီးသီးသို့ အဆင်ပြေစွာ စီးနင်းသွားလာနိုင်စေရေးအတွက် အဝေးပြေးယာဉ်ရပ်နားစခန်း ငါးခုကို ဖွင့်လှစ်ထားရှိပြီး အဆိုပါယာဉ်ရပ်နားစခန်း အသီးသီးမှ ယာဉ်အမျိုးအစား စုံလင်စွာဖြင့် နေ့စဉ် ယာဉ်အစီးရေ တစ်သောင်းကျော် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


