မန္တလေး ဒီဇင်ဘာ ၁
မန္တလေးမြို့ ဝါးလုပ်ငန်းများမှ ပြည်တွင်းဈေးကွက်အတွင်းတွင် မြန်မာ့ဒေါင်းလန်းနှင့် တီထွင်ဖန်တီးထား သည့် အာလိန်မီးအိမ်များ လူကြိုက်များလျက်ရှိသည်ဟု ဘိုးသိကြားမင်းအနုပညာလုပ်ငန်းက သိရသည်။
မြန်မာ့ရိုးရာဒေါင်းလန်းနှင့် အာလိန်မီးအိမ် ဒီဇိုင်းအသစ်များကို ကိုယ်ပိုင်ဒီဇိုင်းဖြင့် တီထွင်ထုတ်လုပ် ထားခြင်းဖြစ်ပြီး ကမ္ဘာ့ဈေးကွက်အတွင်းမရှိသေးသော ကိုယ်ပိုင်တီထွင် ဆန်းသစ်ဖန်းတီးထားခြင်း ဖြစ်သောကြောင့် ပြည်တွင်းဈေးကွက်အတွင်း လူကြိုက်များလာခြင်းဖြစ်သည်ဟု ဘိုးသိကြားမင်း အနုပညာလုပ်ငန်းက ဝါးလက်မှုပညာရှင် ဦးဝင်းမော်ငြိမ်းထံက သိရသည်။
အဆိုပါ အာလိန်မီးအိမ်များကို ယခင်က မျက်နှာကြက်တွင် ချိတ်ဆွဲသည့်ဒီဇိုင်းများကို တီထွင်ခဲ့ပြီး ယခုအခါ လတ်တလောတွင် မှာယူမှုပေါ်မူတည်ပြီး ချိတ်ဆွဲနိုင်သည့် ပုံစံအမျိုးမျိုးကို တီထွင်ဖန်တီး ထုတ်လုပ်ပေးလျက်ရှိသည်ဟု သိရသည်။
အဆိုပါ အာလိန်မီးအိမ်ဒီဇိုင်းများမှာ ကမ္ဘာ့ဝါးပစ္စည်းဈေးကွက်တွင် မရှိသေးသောကြောင့် လူကြိုက်များ လာခြင်းဖြစ်သည်ဟု သိရသည်။
အာလိန်မီးအိမ်ဈေးနှုန်းများမှာ ပြုလုပ်ချက်နှင့်လက်ရာသေသပ်မှု အရည်အသွေးတို့ပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားသည်ဟု သိရသည်။
မြန်မာ့လက်မှု ဝါးပစ္စည်းထုတ်ကုန်ပစ္စည်းများဖြင့် အဆင့်မြင့်ဝါးအလှကုန်ပစ္စည်းများကို နိုင်ငံတကာ ဈေးကွက်ရရှိရန်နှင့် ပြည်တွင်းဝါးဈေးကွက်ပေါ်မူတည်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေရရှိရန် ရည်မှန်းချက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟုသိရသည်။
ထို့ပြင် မြန်မာ့ဝါးလက်မှုပညာကဏ္ဍကို မြန်မာတစ်နိုင်ငံလုံးရှိ ဝါးလောကကဏ္ဍ မိတ်ဆွေများနှင့် ပူးပေါင်းကာ ဝါးလက်မှုပညာကဏ္ဍကို ဖော်ထုတ်မြှင့်တင်သွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာ ဝါးလက်မှုပညာ ရိုးရာမှတ်တမ်းများစုံလင်သော ပြတိုက်ကြီးဖြစ်ရန် ရည်မှန်းချက်ထားကြိုးစားလျက်ရှိကြောင်း သိရသည်။
နိုင်ငံတကာက မြန်မာ့ဝါးလက်မှု့ပညာများကိုလက်ခံလာအောင် နိုင်ငံတကာနည်းစနစ်များနှင့်အညီ နိုင်ငံတကာက လေးစားရသည့်နည်းစနစ်များ၊ ဒီဇိုင်းသစ်များ၊ ပုံစံသစ်များကို နေ့စဉ် သုတသနပြု ထုတ်လုပ်လျက်ရှိနေသည်ဟု ဘိုးသိကြားမင်းအနုပညာလုပ်ငန်းက ဝါးလက်မှုပညာရှင် ဦးဝင်းမော်ငြိမ်း က ပြောသည်။
ပြည်တွင်းဈေးကွက်တွင် ဒေါင်းလန်းများနှင့် အာလိန်မီးအိမ်မျိုးစုံတို့ကို ဟိုတယ်နှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ အိမ်တွင်းအလှဆင် လုပ်ငန်းများမှ အကြိုအော်ဒါ မှာယူမှုများရှိနေကြောင်း သိရသည်။
အိမွန်ဆွေ