mdn

မန္တလေး ၁၉ အောက်တိုဘာ

 

တိုးတက်လာသော  ခေတ်ကာလတွင်  အနောက်တိုင်းဆန်သည့်  အနုပညာတို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ မြန်မာ့ရိုးရာ အနုပညာများနှင့် အနောက်တိုင်းအနုပညာတို့ အားပြိုင်မှုအကြား လူငယ်များ ခေတ်ပေါ်တေးများဘက်ဆီ အားသာသွားတတ်ကြပေသည်။ ထိုသို့သော ကာလအတွင်း မြန်မာ့အနုပညာ စစ်စစ်ဖြစ်သော အမြင့်သဘင်ဟု ခေါ်တွင်ခဲ့သည့်   ရုပ်သေးကို ထိန်းသိမ်းနေရသည်။ ရုပ်သေးရုပ်ပြုလုပ်ရာတွင်လည်း အမှတ်တရရောင်းချသည့် ရုပ်သေးရုပ်ငယ်ကလေးများကိုသာ ပြုလုပ်ရောင်းချမှု များပြားလာသည့်အတွက် ကကြိုးဆွဲနိုင်သည့် ရုပ်သေးရုပ်များကို ရုပ်သေးပညာရှင်များကိုယ်တိုင် ပြုလုပ်နေရကြောင်း သိရသည်။

 

ရှေးခေတ်က အမြင့်သဘင်တွင် နေရာယူခဲ့သော မြန်မာ့ရုပ်သေးပညာမှာ မြန်မာ့အနုပညာတို့ပေါင်းဆုံရာ အဖိုးတန်အနုပညာအဖြစ် တင်စားကြသည်။ ရုပ်သေးပညာမှာ မြန်မာ့အနုပညာ၏ ဆက်ထုံး၊ ဆုံချက်၊ အနုပညာတို့၏ ဘုံအဖြစ် ရပ်တည်လာခဲ့သော ပညာပင်ဖြစ်သည်။ မြန်မာ့အနုပညာသည် ခံစားမှုသာမက အသုံးချမှုအတွက်ပါ အသုံးဝင်သော အနုပညာပင်ဖြစ်သည်။ ရသမျိုးစုံပေးစွမ်းနိုင်ကာ လူတစ်ဦးကို ငိုစေရယ်စေ တက်ကြွမှုဖြစ်စေရန်သာမက လွမ်းစေသည့်ခံစားမှုများ ဖန်ဆောင်ပေးနိုင်သည်အထိ စွမ်းအားကြီးမားလှသည်။

 

ခံစားမှုအနုပညာတွင် အဆို၊ အက၊ အရေး၊ အတီးမှအစ စိတ်နှလုံးကို ရသမျိုးစုံပေးစွမ်းသည့် အနုပညာကို ခံစားမှုအနုပညာဟု တင်စားတတ်ကြသည်။ ဘုရားမတင်နတ်မဝင် လူတွင်ဆယ်ပွင့်ပန်း ဟု ညွှန်းဆိုထားသော ပန်းဆယ်မျိုးအပါအဝင် ပန်းရွဲ၊ ပန်းယွန်း၊ မှန်စီရွှေချ၊ စဉ့်၊ ဖန်ချက်ပညာတို့ကိုမူ အသုံးချနိုင်သည့်အနုပညာဟု ညွှန်းဆိုကြသည်။ မြန်မာ့အနုပညာစစ်စစ်ဖြစ်သော ရုပ်သေးပညာမှာ ခံစာမှုအနုပညာနှင့်အတူ အသုံးချအနုပညာအပါအဝင် အားလုံးစုံလင်ပါမှ ရသမြောက်သော ရုပ်သေးဖြစ်လာသည်။

 

ရုပ်သေးစင်တစ်ခုတွင် အဆို၊ အက၊ အရေး၊ အတီးအားလုံးပါဝင်ကာ လူ့စိတ်နှလုံးသားကို ဖမ်းယူနိုင်သည့်အထိ စွမ်းဆောင်နိုင်သည်။ မြန်မာနိုင်ငံရောက် နိုင်ငံတကာခရီးသွားများမှ မြန်မာ့ရုပ်သေးကို အလေးထားကြည့်ရှုကြသည်။ ထို့အတူပင် ရုပ်သေးရုပ်ကလေးများ ဖန်တီးမှုကိုလည်း စိတ်ဝင်တစား လေ့လာလေ့ရှိသည်။ မြန်မာ့ရုပ်သေးရုပ်တစ်ခုဖြစ်ရေး ပညာရှင်များစွာ ပူးပေါင်းပေးကြရသည်။ ရုပ်သေးရုပ်ကလေးတစ်ခု ဖြစ်ရန်အတွက် ပန်းပုဆရာက ထုဆစ်အသက်သွင်းပေးလိုက်သည်။ ထိုအသက်သွင်းထားသော ပန်းပုရုပ်တုကလေးကို တော်ဝင်နန်းထိုက်ဖြစ်ရေး၊ လှပရှုချင်ဖွယ်ဖြစ်ရေးအတွက် ပန်းချီပညာဖြင့် ခြယ်သပေးကြရသည်။ လည်ဆွဲလက်ကောက်စုံအောင် ဆင်သနိုင်ရေးအတွက် ပန်းတမော့၊ ပန်းတိမ်၊ ပညာတို့ဖြင့် ပြုလုပ်ကြရသည်။

 

လှပသော ရုပ်သေးရုပ်ကလေးများအတွက် အဝတ်အစားမှအစ လှလှပပဖြစ်ရေးအတွက် အဝတ်အစား အချုပ်အလုပ်၊ မှန်စီရွှေချ၊ ရွှေချည်းထိုး၊ ရွှေဆိုင်းချ၊ ဖန်ချက်လုပ်ငန်းတို့ဖြင့် အလှဆင်ကြရပေသည်။ ပူးပေါင်းသော အနုပညာရပ်များအကြား အရုပ်ကလေးများကို ကကြိုးများတပ်ဆင်ပြီး လူတို့၏စိတ်နှလုံးကို ဖမ်းစားနိုင်အောင် စွမ်းဆောင်ကြသည့် အဆင့်မြင့်အနုပညာတစ်ခု ဖြစ်သွားပေသည်။ အဆို၊ အက၊ အရေး၊ အတီးပေါင်းစုံမှ ပြီးသည့်အနုပညာဖြစ်သော ရုပ်သေးရုပ်ကလေးများ ပြုလုပ်ခြင်းကို နိုင်ငံတကာခရီးသွားဧည့်သည်များ စိတ်ဝင်စားကြသည်။ မြန်မာ့အမြင့်သဘင်ရုပ်သေးကို ထိန်းသိမ်းထားသည့် ပညာရှင်များ မန္တလေးမြို့တွင်ရှိကာ ရုပ်သေးရုပ်များ ဖန်တီးပြုလုပ်နေခြင်းသည်ပင် မန္တလေးမြို့အတွက် ဂုဏ်ယူဖွယ်ဖြစ်နေသည်။    

               

တိမ်တမန်