မန္တလေး ၂၄ အောက်တိုဘာ

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်တော်နှင့် ရန်ကင်းတောင်ပေါ်ရှိ ဝင်္ကဘာလှိုဏ်ဂူမှာ စိတ်ဝင်စားဖွယ်ရာ လှိုဏ်ဂူတစ်ခုအဖြစ် တည်ရှိနေသည်။ ဂူမှာ ရန်ကင်းတောင်ပေါ်ရှိ ငါးရံ့မင်းလှိုဏ်ဂူအရှေ့ဘက်တွင် တည်ရှိသည်။ လှိုဏ်ဂူအဝင်ပေါက်မှာ လူတစ်ကိုယ်စာသာ ဝင်နိုင်ပြီး ကျောက်လှေခါး ပြုလုပ်ထားသည်။ အတွင်းပိုင်းတွင် ကျယ်ဝန်းသောဂူကိုတွေ့ရပြီး သဘာဝအတိုင်း လေ့လာနိုင်သည်။ လှိုဏ်ဂူတော်မှာ ဝင်္ကဘာနှင့်တူပြီး အဝင်လမ်း အထွက်လမ်းများရှိသည်။ အပေါ်မှ ဆင်းသွားရပြီး အောက်ပိုင်းတွင် သဘဝအတိုင်း ထွက်လမ်းရှိသည်။ ဂူထဲတွင် လှပသည့် သဘာဝကျောက်လှိုဏ်ဂူ မြင်ကွင်းများကို မြင်တွေ့နိုင်သည်။

မန္တလေးမြို့သို့ ဘုရားဖူးလာရောက်သော ပြည်တွင်းဘုရားဖူးများနှင့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ သွားရောက်လေ့ရှိသောနေရာမှာ ရန်ကင်းတောင်တော်ပင်ဖြစ်သည်။ ရန်ကင်းတောင်တော်သည် သူတော်ကောင်းများ မွေ့ပျော်ရာတောင်ဟု ဆိုသည်။ သဘာဝထူးခြားမှု များစွာဖြင့် စိတ်ဝင်စားဖွယ်ရာကောင်းသော မန္တလေးမြို့ဂုဏ်ဆောင် တောင်တစ်တောင်ပင်ဖြစ်သည်။ တောင်တော်ပေါ်သွား ဆိုင်ကယ်များ ကားများ အလွယ်တကူ တက်နိုင်သည်အထိ တောင်တက်ကားလမ်း ဖောက်လုပ်ထားသည်။

ရန်ကင်းတောင်တော်ပေါ်သို့ ဘုရားဖူးသွားရာတွင် ပတ်ဝန်းကျင်မှ ရှမ်းရိုးမတောင်တန်းအလှ၊ ပုသိမ်ကြီးလယ်ကွင်းများအလှ၊ မန္တလေးမြို့နှင့် မန္တလေးတောင်တော်အလှကို အပေါ်စီးမှ မြင်တွေ့နိုင်သော သဘာဝမျှော်စင်ဟုပင် တင်စားနိုင်သည်။ ရန်ကင်းတောင်တော်ပေါ် ရောက်သည်နှင့် စိတ်အေးချမ်းမှုကို ဖြစ်ပေါ်စေသည်အထိ စိတ်ငြိမ်၊ ငြိမ်းအေးသော ရန်ကင်းသည့်တောင်တော်ပင် ဖြစ်သည်။

ရန်ကင်းတောင်တော်သည် အမြင့်ပေ(၆၀၄)ပေ၊ အလျား(၆၆၀၆)ပေ၊ တောင်ဘက်လှေကား     (၅၆၅)ထစ်၊ မြောက်ဘက်လှေကား (၄၂၉)ထစ် ရှိသည်။ ရန်ကင်းတောင်တော်ပေါ်တွင် ထူးခြားအံဩဖွယ် သဘာဝငါးရံ့တွင်းလိုဏ်ဂူရှိသည်။ ငါးရံ့တွင်း အနက်ပေ(၅၀)ရှိပြီး ငါးရံ့တွင်းအတွင်းဆင်းသည့်  လှေကားများမှာ တောင်ဘက်လှေကား (၇၂)ထစ်၊ မြောက်ဘက်လှေကား (၇၂)ထစ်ရှိသည်။ ငြိမ်းအေးသော ရန်ကင်းတောင်တော်ပေါ်တွင် အခြားစိတ်ဝင်စားစရာ လေ့လာစရာများစွာ ဘုရားဖူးစရာများစွာ ရှိနေသည်။ ဗျာဒိတ်ပေးဘုရား၊ ဓမ္မစကြာဘုရား၊ ဘောဂဝတီနဂါးရုံဘုရား၊ အောင်မြေဘုရား၊ နှစ်ကျိပ်ရှစ်ဆူဘုရား၊ သိုက်နန်းရှင်နန်း၊ ရှမ်းမောင်နှမနတ်နန်း၊ ရန်ကင်းဘိုးဘိုးကြီး၊ တောင်ပိုင် ရှင်အမေယက္ခနတ်နန်းတို့ ရှိသည်။ ထို့အပြင် တရားထိုင်သည့်ဂူများ တည်ရှိသည်။ ရန်ကင်းတောင်တော်တွင် ဂူ ()ဂူရှိသည်။ ထိုဂူများမှာ ဖားဂူ၊ ဂူသစ်၊ အောင်သိဒ္ဓိဂူ၊ ငါးရံ့မင်းဂူ၊ နတ်နဂါးဂူ၊ အောင်ဗုဒ္ဓဂူ၊ ဝင်္ကဘာဂူ၊ ဝိဇ္ဇာညီနောင်ဂူတို့ ရှိသည်။                 

တိမ်တမန်