နေပြည်တော် ၁၉ သြဂုတ်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက ကြီးမှူးကျင်းပမည့် အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် ဆေးပစ္စည်းဆိုင်ရာ လူထုအသိပညာပေးပြပွဲ အကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် ဆေးပစ္စည်းဆိုင်ရာ လူထုအသိပညာပေးပြပွဲကို သြဂုတ် ၂၀ရက်နှင့် ၂၁ ရက်တို့တွင် မန္တလေးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနနှင့် အခြားသော နှီးနွှယ်ဌာနများမှ ပြခန်းပေါင်း ၃၂ ခန်း၊ အခြား ကုမ္ပဏီများမှ ပြခန်းပေါင်း ၉၅ ခန်းခန့် စုစုပေါင်း ပြခန်း ၁၂၇ ကျော်ကို ခင်းကျင်းပြသမည်ဖြစ်သည်။ အဆိုပါ ပြပွဲကျင်းပရသည့် ရည်ရွယ်ချက်မှာ ခေတ်နှင်လျော်ညီသော ပညာပေးအစီအစဉ်သစ်များဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကြောင့် ပြည်သူလူထု အသိပညာများ ပိုမိုတိုးတက်လာစေရန်၊ စားသုံးသူ အခွင့်အရေးနှင့် လုံခြုံရေးအတွက် ပိုမိုအားကောင်းလာစေပြီး ဆောင်ရန်၊ ရှောင်ရန်များကို ပြည်သူလူထုထံ ပိုမိုပျံ့နှံ့စေရန်၊ စားသုံးသူများ၏ အသိပညာ တိုးတက်လာခြင်းမှတစ်ဆင့် ထုတ်လုပ်ဖြန့်ဖြူး၊ ရောင်းဝယ်ဖောက်ကား သူများလည်း FDA ၏ အသိအမှတ်ပြု ခြင်းဆိုင်ရာများကို ပိုမိုအလေးထား ဆောင်ရွက်စေရန် ကျင်းပခြင်းဖြစ်ပြီး အများပြည်သူများနှင့် ကျောင်းသား ကျောင်းသူ များအလွယ်တကူ လာရောက် လေ့လာနိုင်စေရန် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွင် စီစဉ်ပြသ ပေးခြင်းဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါ ပြပွဲတွင် ပြည်သူလူထုအား အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင် ရာ ပညာပေးဟောပြောပွဲများ၊ အများပြည်သူ ဝယ်ယူသုံးစွဲနေသော အလှကုန်ပစ္စည်းများ၊ အစားအသောက်များတွင် ဘေးဥပါဒ် ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ ပါဝင်မှုရှိ၊မရှိ စစ်ဆေးပေးခြင်း၊ မျက်စိ စမ်းသပ် ပေးခြင်း၊ ဆီးချိုသွေးချိုတိုင်းတာပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးမည့်အပြင် FDA အသိအမှတ်ပြုထားသော ကုန်ပစ္စည်းများအား ပြသပေးခြင်း၊ FDA မှ စားသောက်ရန်၊ သုံးစွဲရန်မသင့် ကြေညာထားသော ကုန်ပစ္စည်းများ နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခု မန္တလေးမြို့၌ ကျင်းပမည့် လူထုအသိပညာပေးပြပွဲသည် စတုတ္ထအကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကို ရန်ကုန်မြို့တွင်လည်းကောင်း၊ တတိယအကြိမ်ကို နေပြည်တော်တွင် လည်းကောင်း ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်း - ဟိန်းထက်ဇော်(မြန်မာ့အလင်း)
ဓာတ်ပုံ - ဇင်ဦး(မြန်မာ့အလင်း)


