မန္တလေးမြို့၌ ကျင်းပမည့် ၂၀၁၉ ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲ စက်တင်ဘာ ၉ ရက် စတင်မည်

မန္တလေး ၈ စက်တင်ဘာ 


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်မှစ၍ မန္တလေးမြို့ရှိ မန္တလာသီရိအားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။


ယင်းပြိုင်ပွဲတွင် ဘိလိယက်နှင့် စနူကာပြိုင်ပွဲနှစ်ခုစလုံး ကျင်းပမည်ဖြစ်သော်လည်း ဘိလိယက် 150 Up ပြိုင်ပွဲနှင့် Long Up ပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ စတင်ကျင်းပမည်ဖြစ်သည်။ ဘိလိယက်ပြိုင်ပွဲတွင် နာမည်ကြီးကစားသမားအစုံအလင် ပါဝင်မည်ဖြစ်ပြီး 150 Up ပြိုင်ပွဲတွင် ၃၉ ဦး၊ Long Up ပြိုင်ပွဲတွင် ၂၆ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။ ဘိလိယက်ပြိုင်ပွဲတွင် နာမည်ကြီးကစားသမားများဖြစ်သည့် အက်ဗာနီ၊ ပီတာဂေးလ်ခရစ်၊ ကိုသရီ၊ မိုက်ရပ်ဆဲလ်၊ ပရာပွတ်တို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာဘိလိယက်ကစားသမားများလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဘိလိယက် 150 Up ပြိုင်ပွဲ အုပ်စု (က) တွင် အက်ဗာနီ (အိန္ဒိယ)၊ အောင်ဆန်းဦး (မြန်မာ)၊ ဂျာဂါဒက်ရှ် (အိန္ဒိယ)၊ ဒါနူရှာ (သီရိလင်္ကာ)၊ အုပ်စု (ခ) တွင် နေသွေးဦး (မြန်မာ)၊ ဒါမာနီ (အိန္ဒိယ)၊ ကီတန် (အိန္ဒိယ)၊ အယ်ဗင် (ဖိလစ်ပိုင်)၊ မိုဟန် (ပြင်သစ်)၊ အုပ်စု (ဂ) တွင် မိုက်ရပ်ဆဲလ် (အင်္ဂလန်)၊ ပရာပွတ် (ထိုင်း)၊ ဆစ်ဝါလာ (အိန္ဒိယ)၊ ဝင်းမင်း (မြန်မာ)၊ ဂျက်ဆင် (သြစတြေးလျ)၊ အုပ်စု (ဃ) တွင် ပါရီကက်ရှ် (အိန္ဒိယ)၊ အောင်ဌေး (မြန်မာ)၊ သာကာ (အိန္ဒိယ)၊ ကျော်နိုင်ဦး( မြန်မာ)၊ ဘင်ဂျာမင် (ဖိလစ်ပိုင်)၊ အုပ်စု (င) တွင် ဟာရီ (အိန္ဒိယ)၊ စတီဗင် (သြစတြေးလျ)၊ ရှာမာ (အိန္ဒိယ)၊ ဇော်သန်းထိုက် (မြန်မာ)၊ ရိုဒါ (ဖိလစ်ပိုင်)၊ အုပ်စု (စ) တွင် ကိုသရီ (အိန္ဒိယ)၊ ပေါက်စ (မြန်မာ)၊ ဆူဗရာမာနီ (အိန္ဒိယ)၊ နေအောင် (မြန်မာ)၊ ဘေဆယ်လ်(ဖိလစ်ပိုင်)၊ အုပ်စု (ဆ) တွင် ချစ်ကိုကို (မြန်မာ)၊ ကူမာ (အိန္ဒိယ)၊ ဆန်းမြင့် (မြန်မာ)၊ ယူတာပေါ့ (ထိုင်း)၊ မန်ဂိုရီ (ဖိလစ်ပိုင်)၊ အုပ်စု (ဇ) တွင် ပီတာဂေးလ်ခရစ် (စင်ကာပူ)၊ ဆူရန်နာရာနန် (အိန္ဒိယ)၊ မင်းစည်သူထွန်း (မြန်မာ)၊ ပြည့်ဖြိုးဝင်း (မြန်မာ)၊ ဆာဘာဒို (ဖိလစ်ပိုင်) တို့ ပါဝင်ကြသည်။ Long Up ပြိုင်ပွဲ အုပ်စု (က) တွင် အက်ဗာနီ (အိန္ဒိယ)၊ စတီဗင်(သြစတြေးလျ)၊ ဆူဘရာမန်နီ (အိန္ဒိယ)၊ ပါရစ် (အိန္ဒိယ)၊ အောင်ဆန်းဦး (မြန်မာ)၊ အုပ်စု (ခ) တွင် မိုက်ရပ်ဆဲလ် (အင်္ဂလန်)၊ ဆစ်ဝါလာ (အိန္ဒိယ)၊ ကီတန် (အိန္ဒိယ)၊ မင်းစည်သူထွန်း (မြန်မာ)၊ ဇော်သန်းထိုက် (မြန်မာ)၊ အုပ်စု (ဂ) တွင် ချစ်ကိုကို (မြန်မာ)၊ ဟာရီ (အိန္ဒိယ)၊ ရှာမာ (အိန္ဒိယ)၊ မိုဟန် (ပြင်သစ်)၊ ပေါက်စ (မြန်မာ)၊ အုပ်စု  (ဃ) တွင် ကူမာ (အိန္ဒိယ)၊ နေသွေးဦး (မြန်မာ)၊ သာကာ (အိန္ဒိယ)၊ ကျော်နိုင်ဦး (မြန်မာ)၊ ဂျက်ဆင် (သြစတြေးလျ)၊ အုပ်စု (င) တွင် ပီတာဂေးလ်ခရစ် (စင်ကာပူ)၊ ဆူရန်နာရာနန် (အိန္ဒိယ)၊ ဒါမာနီ (အိန္ဒိယ)၊ အောင်ဌေး (မြန်မာ)၊ ဆန်းမြင့် (မြန်မာ)၊ ဒါနူရှာ (သီရိလင်္ကာ) တို့ ပါဝင်နေသည်။ ဘိလိယက်ပြိုင်ပွဲအနက် Long Up ပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်မှ ၁၁ ရက်၊ 150 Up ပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ကာ စနူကာပြိုင်ပွဲကို စက်တင်ဘာ ၁၆ ရက်မှ ၂၅ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။


မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို အိမ်ရှင်အဖြစ် နှစ်ကြိမ်ဆက်တိုက် လက်ခံကျင်းပခြင်းဖြစ်ပြီး ၂၀၁၈ ပြိုင်ပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ ၂၀၁၈ ပြိုင်ပွဲ၏ ဘိလိယက် Long Up နှင့် 150 Up ပြိုင်ပွဲ နှစ်ခုစလုံးတွင် အိန္ဒိယနိုင်ငံသား အက်ဗာနီ ဗိုလ်စွဲခဲ့ပြီး မြန်မာကစားသမား နေသွေးဦးက 150 Up ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-စိုးညွန့်