မန္တလေး ၉ ဇန်နဝါရီ

မန္တလေးမြို့၌ ပျံကျဈေးသည်များကို ဈေးကောက် ကောက်ခံရာတွင် သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံသည့် ဝန်ထမ်းများကို အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

လက်ရှိတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင်ဈေးပါင်း ၄၄ ဈေးရှိကာ အသားစိမ်း၊ ငါးစိမ်းနှင့် လူသုံးကုန်ပစ္စည်းများကို ဖွင့်လှစ်ရောင်းချပေးနေသည့် ဈေးကြီးများဖြစ်သည်။

"ဈေးတွေမှာက အသီး၊ အရွက်၊ အသား၊ ငါးနှင့် စတဲ့ပစ္စည်းတွေရောင်းချတယ် ရောင်းချခွင့်အတွက်ကို စည်ပင်သာယာရေးကော်မတီကနေ ဈေးကောက်အဖြစ်ကောက်တယ်။ ကောက်တဲ့နေရာမှလည်း သတ်မှတ်ဈေးနှုန်းရှိတယ်။ အဲ့တာကို ဝန်ထမ်းတွေက သတ်မှတ်ဈေးထက်ကျော်လွန်ပြီး ကောက်တာတွေ တွေ့နေရလို့ အခုလိုလုပ်တာပါ" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် ကပြောသည်။

လက်ရှိတွင် မန္တလေးမြို့ အတွင်းရှိ ဈေးများတွင်လည်း ပျံကျ ဈေးသည်များကို ဈေးကောက် ကောက်ခံရာတွင် သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံမှု မရှိစေရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးနှင့် သားသတ်ဌာနကဈေးများ အတွင်းသို့ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

ထို့ပြင် ပျံကျ ဈေးသည်များထံမှ ဈေးကောက် ကောက်ခံရာတွင် သတ်မှတ်နှုန်းထားထက်ပိုမိုကောက်ခံပါက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံ လာရောက်တိုင်ကြားနိုင်ကြောင်း သိရသည်။

သူရိန်လင်း