မန္တလေး ၂၆ ဖေဖော်ဝါရီ

 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရား၌  မြန်မာနိုင်ငံသနပ်ခါး အသင်းမှ တတိယအကြိမ်မြောက် ကျင်းပမည့် မြန်မာ့သနပ်ခါး ပွဲတော်တွင် ပုဂံခေတ် ရိုးရာယဉ်ကျေးမှု အခင်းအကျင်း အပြင်အဆင်များဖြင့် ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသနပ်ခါးအသင်း၊ ဥက္ကဋ္ဌ ဦးကျော်မိုးက ပြောသည်။

 

“ဒီနှစ်ကျင်းပမယ့် သနပ်ခါးပွဲတော်မှာ မနှစ်ကနဲ့မတူတဲ့ ထူးခြားချက်အနေနဲ့ကတော့ မုခ်ဦး အဝင်မှာကတည်းက ပုဂံခေတ်ယဉ်ကျေးမှု ရိုးရာဓလေ့ကို ပေါ်လွင်စေမယ့် အခင်းအကျင်းတွေကို ပြင်ဆင်ကျင်းပသွားမှာ ဖြစ်တယ်။ ပုဂံခေတ်ရိုးရာဓလေ့ အသုံးအဆောင် ပစ္စည်းတွေကိုလည်း ချိတ်ဆွဲပြသထားမှာဖြစ်တယ်။ ပြပွဲမှာ သနပ်ခါးစိုက်ပျိုးသူတွေနဲ့ သနပ်ခါးမှ အလှကုန်တွေ ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိတ်ဆက်ပေးမယ်။ သနပ်ခါးဈေးကွက် ပိုမို ကျယ်ပြန့်လာအောင် အခုလိုပွဲတော်တွေ နှစ်စဉ်ကျင်းပပေးတာ ဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

 

ယခုကျင်းပမည့် သနပ်ခါးပွဲတော်အား မတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ သုံးရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး သနပ်ခါးနှင့် သနပ်ခါးထုတ်ကုန် ပစ္စည်းအမျိုးမျိုး ရောင်းချမည့် ဆိုင်ခန်းပေါင်း ၅၀ ကျော်နှင့်အတူ သနပ်ခါးအလှမယ်ပြိုင်ပွဲ၊ သနပ်ခါးလိမ်းချယ်ပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲများအပြင် ဧည့်ခံဖျော်ဖြေမှု အစီအစဉ်များဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ဆိုင်ခန်း ရောင်းချလိုသူများအနေဖြင့် မြန်မာနိုင်ငံသနပ်ခါးအသင်း၊ ဖုန်းနံပါတ် ဝ၉-၄၀ဝ၅၃၁၅၀၅  သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

 

လက်ရှိတွင် မြန်မာနိုင်ငံ၌ တပိုတွဲလပြည့်နေအား သနပ်ခါးနေ့အဖြစ် သတ်မှတ်နိုင်ရေးအတွက် သနပ်ခါးအဓိက စိုက်ပျိုးရာမြို့များဖြစ်သည့် ရွှေဘို၊ အရာတော်၊ ရေစကြို၊ မြိုင်၊ ပေါက် စသည့်မြို့ငါးမြို့တွင် သနခါးပွဲတော်များ ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)