နေပြည်တော် ၁၀ မေ
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့သည် မန္တလေးမြို့ပေါ်တွင် ခိုး/ဆိုး/နှိုက် လုယက်မှုများ လျော့နည်းကျဆင်းရေးနှင့် ဖြစ်ပွားခဲ့သောမှုခင်းများ ဖော်ထုတ်နိုင်ရေးအတွက် စီမံချက်များရေးဆွဲ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် မတ် ၆ ရက် နံနက် ၁၀ နာရီခန့်တွင် မယဉ်ယဉ်အေး ဆေးခန်းအကူဝန်ထမ်း၊ ချမ်းမြသာစည်မြို့နယ်နေသူသည် ၎င်းပိုင် Scoopyi 50 CC အဖြူရောင် ဆိုင်ကယ်ဖြင့် မြနန္ဒာစျေးမှ စျေးဝယ်ပြန်လာစဉ် ၁၀၉(A) လမ်း၊ ၆၄/၆၅ လမ်းကြား အရောက်တွင် အမည်မသိအမျိုးသား (၂)ဦးမှ ဆိုင်ကယ်ဖြင့် လိုက်လာပြီး မယဉ်ယဉ်အေး၏ လည်ပင်းတွင်ဆွဲထားသော ဆွဲကြိုးအား လုယူမောင်းနှင်ထွက်ပြေးသွား၍ ပြစ်မှုကျူးလွန်သူ(၂)ဦးအား ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူပေးရန် သတင်းပေးတိုင်တန်းခဲ့သည်။
အမှုအား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ချမ်းမြသာစည်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူများ ဖြစ်ကြသော အောင်မြေသာစံမြို့နယ်နေ ဝင်းမင်းခန့် (၂၀)နှစ်နှင့် ဇင်မင်းခန့်တို့အား ကျူးလွန်ရာမှ ပါဆုံးသွားသော ဆွဲကြိုးနှင့် ငွေကျပ် ၅၅၀၀၀၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ(၂)ဦးအား ဆက်လက်စစ်ဆေးခဲ့ရာ ၎င်းတို့မှာ အခြားအမှုများကိုလည်း ၎င်းတို့နှင့်အတူ ချစ်သဲမောင်၊ ကောင်းထက်ကျော်၊ သက်တန့်တို့နှင့်အတူ အခြားလုယက်မှု (၁၁)မှုကိုလည်း ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့ပြီး ကျူးလွန်သူ ချစ်သဲမောင်၊ ကောင်းထက်ကျော်တို့(၂)ဦးကိုပါ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့(၅)ဦး ပြစ်မှုကျူးလွန်၍ ရရှိခဲ့သော သက်သေခံပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့သည်။ ထွက်ပြေးတိမ်းရှောင်လျက်ရှိသော သက်တန့်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်သူများအား သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ခိုး/ဆိုး/နှိုက် လုယက်မှုများကိုလည်း ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်