မန္တလေး ၃၀ ဇန်နဝါရီ
မန္တလေးမြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ မြန်မာဘရူဝါရီလီမီတတ် Myanmar Care ကရုဏာ ရှေးရှုမြန်မာမှု အစီအစဉ်၏ (၂၈) ကြိမ်မြောက် သွေးလှူဒါန်းပွဲကို မန္တလေးမြို့ရှိ အဆိုပါဆေးရုံတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ဒီသွေးလှူဒါန်းပွဲက ဝန်ထမ်းတွေနဲ့ တခြားမိတ်ဖက်အဖွဲ့အစည်းများမှ သွေးလှူရှင်တွေ စုပေါင်းပြီး လာရောက် လှူဒါန်းတာပါ၊ ခုလို မြန်မာဘရူဝါရီလီမီတတ် Myanmar Care ကရုဏာ ရှေးရှုမြန်မာမှု အစီအစဉ်ဖြင့် သွေးလှူဒါန်းပွဲ ကျင်းပလာတာ (၂၈) ကြိမ်မြောက် ရှိပါပြီ။ သွေးအိတ်စုစုပေါင်း နှစ်သောင်းခွဲခန့် လှူဒါန်းနိုင်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက် က ရန်ကုန်အမျိုးသားသွေးဌာနမှာလည်း သွားရောက်လှူဒါန်းခဲ့ပါတယ်။ ပြည်၊ မကွေး၊ နေပြည်တော်၊ တောင်ငူ၊ ပဲခူး၊ ဘားအံ့၊ မော်လမြိုင်၊ ပုသိမ်၊ ဟင်္သာတ၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ တောင်ကြီး၊ ထားဝယ်၊ မြိတ်၊ အစရှိသော မြို့များအား တစ်နှစ်လျှင်တစ်ကြိမ်နှင့် ရန်ကုန်နှင့် မန္တလေးမြို့များတွင် တစ်နှစ်လျှင် (၃) ကြိမ် လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ မြန်မာဘရူဝါရီလီမီတတ် Myanmar Care ကရုဏာရှေးရူမြန်မာမှု အစီအစဉ်မှ မန်နေဂျာ ကိုစံက ပြောကြားသည်။
ဒီဗဟိုအမျိုးသမီးဆေးရုံကြီးမှာ မွေးလူနာများအပြင် အမျိုးသမီးနဲ့ပတ်သက်သော ရောဂါများနှင့် သားအိမ်ကင်ဆာ ရောဂါ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ သားဆက်ခြားခြင်းတွေကို ကုသပေးနေတဲ့အတွက် ခုလိုသွေးလှူဒါန်းသူတွေ အများကြီးလိုအပ်ပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ တစ်လကို သွေးအိတ်ပေါင်း (၆၀၀ နှင့် ၇၀၀) ကြားမှာ အသုံးပြုနေရပါတယ်။ ပရဟိတအသင်းများမှ လာရောက်သွေးလှူဒါန်းတာတွေ ရှိသလို မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးနဲ့လည်း ချိတ်ဆက်ဆောင်ရွက်တာတွေ ရှိပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး) ရောဂါဗေဒဌာနမှ ဆရာကြီး ဒေါက်တာမြင့်မြင့်ရီ က ပြောကြားသည်။
စုပေါင်းသွေးလှူဒါန်းပွဲသို့ ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး) မှ တာဝန်ရှိသူများ၊ မြန်မာဘရူဝါရီလီမီတတ် Myanmar Care ကရုဏာရှေးရှုမြန်မာမှု အစီအစဉ်မှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် သွေးလှူရှင်များ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)