မန္တလေး ၃ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များတွင် လူနေထိုင်မှုနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေမှုများကို စာရင်းကောက်ယူ ဖယ်ရှားမည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတထံမှ သိရသည်။
ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းတိုက်များ၊ ကျောင်းတိုက်အနီးရှိ မြေများတွင် နေထိုင်သူများ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေမှုများကို ယခုလ ၁ ရက်မှ ၆ ရက်ထိ စာရင်းကောက်ယူဖယ်ရှားမည် ဖြစ်ကြောင်း သိရသည်။
"ခုကစာရင်းကောက်ယူနေပါပြီ။ ကောက်ယူပြီးတာနဲ့ ဖယ်ရှားသွားမှာပါ။ ကျောင်းထဲမှာ လူနေထိုင်တာတွေ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်တာတွေ လောင်းကစားတွေက ဘုန်းကြီးကျောင်းဝင်းထဲမှာ ကျောင်းကိုဘန်းပြပြီး လုပ်ဆောင်နေကြတာတွေက မဖြစ်သင့်ဘူး။ ဒါတွေကို ဖယ်ရှားရပါမယ်" ဟု ဆရာတော်က မိန့်ကြားသည်။
ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းတိုက်များအတွင်း လူပုဂ္ဂိုလ်များနေထိုင်မှုနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှုများကို စာရင်းကောက်ယူဖယ်ရှားရေးအတွက် ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့၊ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ချမ်းအေးသာစံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများဖြင့် အဖွဲ့နှစ်ဖွဲ့ဖွဲ့ကာ လိုက်လံစစ်ဆေး စာရင်းကောက်ယူ ဖယ်ရှားမည်ဖြစ်သည်။
ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များအတွင်း၌ လူနေထိုင်မှုနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေမှုများအပြင် လောင်းကစားဒိုင်များ ပါရှိနေကြောင်း သိရသည်။
သူရိန်လင်း


