မန္တလေး ၈ မတ် 

တပေါင်းလပြည့်နေ့ နံနက်ပိုင်းမှစတင်၍ မန္တလေးမြို့ရှိ ဘုရားပုထိုးစေတီများ၌ ကုသိုလ်ပုည ဆည်းပူးကြသူများဖြင့် စည်ကားလျက်ရှိသည်။

 

0512

 

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်အား နံနက် ၄ နာရီတွင် ရေတော်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဓန္တဥက္ကဋ္ဌ ဦးဆောင်၍ ဘုရားကြီးအား ရေသပ္ပာယ်ခြင်းနှင့် ရွှေသင်္ကန်းဆပ်ကပ်လှူခြင်း၊ ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များ ရွတ်ဆိုပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြသည့်အပြင် ဥပုသ်သီလဆောက်တည်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူကြသူများ၊ ကုသိုလ်ဒါနလှူဒါန်းကြသူများနှင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ အထူးစည်ကားလျက်ရှိသည်။

အလားတူ ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရန်နှိမ် အောင်တော်မူ ဆုတောင်းပြည့်ဘုရား၌ ကုသိုလ်ကောင်းမှု ပြုကြသူများ၊ ဘုရားမျက်နှာသစ်တော်ရေအတွက် သနပ်ခါး သွေးလှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့အတူ ကျောက်တော်ကြီး၊ မန္တလေးတောင်၊ ကုသိုလ်တော်စန္ဒာမုနိ၊ ရွှေကျီးမြင်ဘုရား၊ တဝဂူဘုရား၊ ဘုရားနီဘုရား၊ ချမ်းသာ ချမ်းသာကြီးဘုရား၊ ဆုတောင်းပြည့် ဆုတောင်းရဘုရား၊ စွယ်တော်မြတ်စေတီတော် အပါအဝင် မန္တလေးမြို့ပေါ်ရှိ ဘုရားပုထိုးစေတီတော်များ၊ ဓမ္မာရုံများ၌ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဆွမ်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းနှင့် ဒါနသီလ ဘာဝနာတရား အားထုတ်ကြသူများ၊ ဘုရားဖူးလာပြည်သူများဖြင့် ကုသိုလ်ပုညဆည်းပူးသံများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ 

တင်မောင်(မန်းကိုယ်ပွား)