မန္တလေး ၁၆ ဇွန်

 

မန္တလေးမြို့၊ ၃၅ လမ်း၊ ၆၈x၆၉ လမ်းကြားရှိ စိန့်သောမတ် ရဟန်းဖြစ်သင်တန်းကျောင်းတွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအတွက် Facility Quarantine Center အား ဇွန် ၁၄ ရက်တွင် စတင်ဖွင့်လှစ်ထားရှိကြောင်း သိရပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ လက်ခံဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

အဆိုပါစင်တာသို့ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများသည် မြဝတီလမ်းကြောင်းမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား  ၃ ဦး၊ အမျိုးသမီး ၄၀ စုစုပေါင်း  ၄၃ ဦးအား လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊  ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများမှ လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်၍ သတ်မှတ်နေရာများတွင် Quarantine ဝင်ရောက်ရန် နေရာချထားပေးခဲ့သည်။

 

ယင်း Facility Quarantine Center ကို ဇွန် ၁၄ ရက်တွင် စတင်ဖွင့်လှစ်ထားရှိပြီး Quarantine ဝင်ရောက်မည့်သူများကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ Quarantine ဝင်ရောက်သူ ကလေးငယ် ၄ ဦး၊ ကိုယ်ဝန်ဆောင် ၅ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၄၃ ဦးဖြစ်ကာ ၎င်းတို့အတွက် ကျန်းမာရေးစစ်ဆေးမှုများ၊ စားသောက်ရေးနှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)