မန္တလေး ၂၅ ဇန်နဝါရီ
မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ မန္တလေးမြို့၏ အနိမ့်ဆုံး သတိပေးမှတ်အောက်သို့ ရောက်ရှိလာသဖြင့် မြစ်ရေသတိပေးချက်ထုတ်ပြန်ထားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်) မန္တလေးဌာနခွဲမှ သိရသည်။
မန္တလေးမြို့၏ ဧရာဝတီမြစ်ရေအနိမ့်ဆုံးသတိ ပေးရေမှတ်မှာ ၃၆၀ စင်တီမီတာဖြစ်ပြီး ယနေ့ နံနက် ၉ နာရီခွဲ အချိန် တိုင်းထွာချက်များအရ မန္တလေးမြို့တွင် ၃၅၈ စင်တီမီတာသို့ရောက်ရှိနေကာ လာမည့်ဇန်နဝါရီလကုန်ထိ မန္တလေးမြို့၏ ရေနည်းသတိပေးမှတ် စင်တီမီတာ ၃၆၀ အောက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
"ဧရာဝတီမြစ်ရေက နှစ်တိုင်းလိုလို မန္တလေးမှာ ဆက်တိုက်အနိမ့်ဆုံး သတိပေးမှတ်အောက် ရောက်ခဲ့တယ်။ သတိပေးချက်ကိုလည်း သက်ဆိုင်ရာ ဆက်စပ်ဌာနတွေကိုပါ ထုတ်ပြန်ပေးထားပါတယ်" ဟု ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။
မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ ပြီးခဲ့သည့် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်များကလည်း ဆက်တိုက်ရေနည်း ကာလအတွင်း အနိမ့်ဆုံးသတိပေးရေမှတ်အောက်သို့ ဆက်တိုက်ရောက်ရှိခဲ့ကြောင်း သိရသည်။
မြစ်ရေနည်းကာလတွင် မြစ်အတွင်း သွားလာသည့်ရေယာဉ်များ အနေဖြင့် ရေကြောင်းကြပ်ခြင်း၊ သောင်တင်ခြင်းများဖြစ် ပေါ်နိုင်သဖြင့် မြစ်အတွင်း သောင်တူးပေးခြင်း၊ ရေလမ်းညွှန်အမှတ်အသားများ ချထားခြင်းတို့ကို နှစ်စဉ်ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကဆောင်ရွက်ပေးနေကြောင်း သိရသည်။
မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ အနိမ့်ဆုံးရေမှတ် ရောက်ရှိခဲ့သည့် နှစ်များမှာ ၂၀၁၅ ခုနှစ်တွင် ၃၁၃ စင်တီမီတာဖြင့် ပထမ၊ ၂၀၁၀ ပြည့်နှစ်တွင် ၃၄၂ စင်တီမီတာ ဖြင့် ဒုတိယနှင့် ၂၀၁၄ ခုနှစ်တွင် ၃၄၄ စင်တီမီတာဖြင့် အသီးသီး အနိမ့်ဆုံး ရေမှတ်များသို့ ရောက်ရှိခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။
သူရိန်လင်း