မန္တလေး၊ ၁၈ ဒီဇင်ဘာ
မန္တလေးမြို့ရှိ ဈေးချိုတော် ၊ သီရိမာလာ ရေထွက်ကုန် လက္ကားဈေး နှင့် ၄၁ လမ်း ကုန်စိမ်းဈေးများတွင် နှာခေါင်းစည်းတပ်ဆင်မှု မရှိတဲ့အတွက် အရေးယူခံရသူအများဆုံး ဈေးများဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။
နှာခေါင်းစည်း မတပ်ဆင်သည့်အတွက် မန္တလေးဈေးချိုတော်ဝန်းကျင် (၉၀၅ ဉီး)၊ သီရိမာလာ ငါးလက္ကားဈေး(၁၉၄ ဉီး) ၊ ၄၁ လမ်းကုန်စိမ်း လက္ကားဈေး (၁၁၈ ဉီး) အရေးယူခဲ့ကြောင်း သိရသည်။
"မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ကြပ်မတ်ဆောင်ရွက်နေတဲ့ ဈေးများမှာ နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ကြရန် ကြည့်ကြပ်ဆောင်ရွက်လျက် ရှိပါတယ်။ဈေးသည်များ နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ မျက်နှာအကာ လက်အိပ်များအသုံးပြုရန် အသိပေး ဆောင်ရွက်နေပါတယ်။ နှာခေါင်းစည်းမတပ်စင်သူတွေကို အရေးယူမှုတွေ ပြုလုပ်နေပါတယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
နှာခေါင်းစည်းမတပ်သည့် ဈေးသည်များကို ဈေးဌာန တာဝန်ရှိသူများက လိုက်လံစစ်ဆေးပြီး သတ်မှတ်ထားတဲ့ ဒဏ်ကြေး ငွေနဲ့ နှာခေါင်းစည်းများ ဝယ်ယူတပ်ဆင်စေခြင်း၊ ပထမအကြိမ် စစ်ဆေးတွေ့ရှိတဲ့ ဈေးသည်များကို ဈေးရောင်းချခွင် သုံးရက် ယာယီပိတ်ခြင်းနည်းများဖြင့် အရေးယူခြင်း ၊ ဈေးဝယ်များအားသတ်မှတ်ထားသည့် ဒဏ်ကြေးငွေနဲ့ နှာခေါင်းစည်းများ ဝယ်ယူ တပ်ဆင်စေခြင်း ဆောင်ရွက်နေကြောင်း သိရသည်။
ဈေးချိုတော်အတွင်းတွင် အသံချဲ့စက်များကိုတပ် ဆင်ပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား လိုက်နာရန် အချိန်ပြည့်နှိုးဆော်ခြင်း၊ ကျန်ဈေးများမှာ လက်ကိုင်အသံချဲ့စက်များနဲ့ ဈေးအတွင်း လှည့်လည်သတိပေးခြင်းများ ဆောင်ရွက် နေကြောင်း သိရသည်။
နှာခေါင်းစည်းမတပ်သည့် ဈေးသည်များထံမှ ဈေးမဝယ်ကြဖို့လည်း ဈေးဝယ်များကို အသိပညာပေး လျက်ရှိသည်။ ၂၀၂၀ ခုနှစ် မေလ ၁၀ ရက်မှ ဒီဇင်ဘာလ ၁၆ ရက်အထိ နှာခေါင်းစည်းမတပ်သူ ၂၆၄၈ ဉီးကို နှာခေါင်းစည်းများ ဝယ်ယူစေသည့် ပြစ်ဒဏ်များ အရေးယူခဲ့သည်။
မေသက်ထား


