မန္တလေး၊ ၂၉ ဒီဇင်ဘာ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ဈေးများတွင် ဈေးဝယ်ယူရောင်းချသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များအား လိုက်နာခြင်းရှိမရှိ ကြည့်ရှုစစ်ဆေးခြင်း နှင့် နှာခေါင်းစည်း(Mask)များနှင့် မျက်နှာအကာ(Face Shield)များ အခမဲ့ လိုက်လံဖြန့်ဝေခြင်း အစီအစဉ်ကို ဒီဇင်ဘာ ၂၉ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်အတွင်းရှိ နန်းတော်ရှေ့ဈေးနှင့် ညောင်ပင်ဈေးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အစီအစဉ်ကို တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ဦးဆောင်၍ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များမှ ပူးပေါင်း၍ Mask နှင့် Face Shield များဝေငှခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား လက်ကိုင်အသံချဲ့စက် များဖြင့် အသိပေး ပြောကြားခြင်းအပြင် လက်တွေ့သရုပ်ပြခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်ကြည်ရွှေက ပြောသည်။

“ကျွန်မတို့ဌာနက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်တဲ့အနေနဲ့ အောင်မြေသာစံမြို့နယ် အတွင်းမှာရှိတဲ့ ဈေး ၁၂ ဈေးကို တစ်ပြိုင်တည်း ဒီနေ့မှာ ဆောင်ရွက်တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကာ ကွယ်နိုင်ဖို့က Mask တပ်ဖို့က အဓိကဖြစ်တယ်ဆိုတာ အသိပေးချင်လို့ အခုလို လူစုလူဝေး များတဲ့ ဈေးတွေမှာဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို အပတ်စဉ်ပဲ ဆောင်ရွက်ပေး နေသလို အခုလိုမျိုး ပြည်သူလူထုအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အားဖြည့်ဆောင်ရွက်ပေးနေတာကို ပြည်သူတွေအနေနဲ့ နားလည်သဘောပေါက်ပြီး လိုက်နာကျင့်သုံးကြမယ်ဆိုရင် ဒီရောဂါဖြစ်ပွားမှုကို လျော့နည်းပပျောက်သွားမယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းက  ပြောသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပညာပေး လှုပ်ရှားမှုအစီအစဉ်ကို မန္တလေးခရိုင် အတွင်းရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ဖွင့်လှစ်ထားသည့် ဈေး ၄၃ ခု တွင် ယနေ့မှစ၍ အလှည့်ကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ(ဈေးနှင့်သားသတ်ဌာန)မှ ဌာနမှူး ဦးတင်စိုးက ပြောသည်။ 

 COVID-19 ရောဂါကာကွယ်ရေးအတွက် အဓိကအရေးပါသည့် Mask များကို အများပြည်သူများ စနစ်တကျ တပ်ဆင်သုံးစွဲကြစေရန်အတွက် ယခုကဲ့သို့ အစီအစဉ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စည်း ကမ်းမလိုက်နာသော ဈေးသည်ဈေးဝယ်များကိုလည်း အသိပညာပေးခြင်းနှင့် ဒဏ်ငွေတပ်အရေးယူ မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်နေရာ လက်ရှိအချိန်ထိ အရေးယူထားမှုပေါင်း(၂၉၀၀)ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ 

မင်းထက်အောင်(မန်းကိုယ်ပွား)