မန္တလေး   ၈  စက်တင်ဘာ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ကျောက်မျက်ရတနာဈေး(ကျောက်ဝိုင်း)အား လာမည့်အောက်တိုဘာလမှစ၍ ကျောက်စိမ်းညဈေးအဖြစ် အချိန်တိုးမြှင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါ ဈေးအကျိုးတော်ဆောင် ကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဦးထံမှ သိရသည်။

 

0809

 

“ကျောက်စိမ်းညဈေးကို ကျောက်သမားတွေ အဆင်ပြေအောင် ဖွင့်လှစ်ပေးတာပါ၊ မန္တလေးကို လာလည်တဲ့ ပြည်ပခရီးသွားတွေ ကျောက်စိမ်းညဈေးကို လာရောက်လေ့လာစေချင်လို့ ဆွဲဆောင်တာလည်းပါတယ်၊ နေ့ခင်းပိုင်း အရောင်းအဝယ် မဖြစ်လိုက်တဲ့ ကျောက်သမားတွေ ညပိုင်းအရောင်းအဝယ်ဖြစ်အောင် အဆင်ပြေအောင် ဖွင့်လှစ်တာပါ၊ လာမည့် အောက်တိုဘာလမှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်၊ ညနေ ၆ နာရီက ည ၁၁ နာရီထိ ဖွင့်လှစ်သွားမှာပါဟု ၎င်းက ပြောသည်။

 

0809

 

ညပိုင်းတိုးမြှင့်တဲ့ ကဏ္ဍမှာ အလွှာမျိုးစုံ အားလုံးအတွက် အချိန်တိုးမြှင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ညပိုင်းဈေးတွင် အတွင်းမှာရှိတဲ့ အမြဲတမ်းဆိုင်ခန်း (၁၁၁၇)ခန်းနှင့် အပြင်မှာရှိတဲ့ လုံးခင်းဆောင်၊ တန်မခံဆောင်၊ ဖွားခန်းဆောင်မှာရှိတဲ့ ပျံကျခင်းဝိုင်းများလည်းရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကျောက်စိမ်းညဈေးအား ညနေ ၆ နာရီ ည ၁၁ နာရီထိ ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပြီး အရောင်းအဝယ် ပြုလုပ်လိုသူများအား ဝင်ခွင့်ကတ်များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကျောက်စိမ်းညဈေး ဖွင့်လှစ်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ ခွင့်ပြုချက်ရရှိပြီးဖြစ်ကာ လုံခြုံရေးကိစ္စများအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

အဆိုပါ ကျောက်ဝိုင်းကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ၂၀ဝ၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)