မန္တလေး ၁၁   အောက်တိုဘာ

 

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်ရှိ ကျောက်တော်ကြီးဘုရား၊ ကုသိုလ်တော်ဘုရားနှင့် စန္ဒမုနိဘုရား ပွဲတော် ယနေ့စတင်ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဘုရားပွဲတော်များကို သီတင်းကျွတ်လဆန်း(၁၃)ရက်မှ သီတင်းကျွတ်လပြည့်ကျော်(၇)ရက် အောက်တိုဘာ (၁၁)ရက်မှ အောက်တိုဘာ (၂၀)ရက်အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်ဈေးရောင်းချသူများ၊ လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

ဒီနေ့စတင်ပြီး ဘုရားပွဲတော် သုံးခုလုံးတစ်ပြိုင်နက်ကျင်းပပြီး သီတင်းကျွတ်ပွဲတော် ပိတ်ရက်များလည်း ဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်မှ လာရောက်ရောင်းချတဲ့ ၁၂ ပွဲဈေးသည်တွေ၊ မြန်မာမုန့်ဆိုင်တွေ၊ မြန်မာ့ရိုးရာ အသုံးအဆောင်ပစ္စည်းအရောင်းဆိုင်တွေ လာရောက်ရောင်းချသူများ ဝယ်ယူသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း ကျောက်တော်ကြီးဂေါပကအဖွဲ့ဝင် ဦးတင်မောင်ကြည် က ပြောကြားသည်။

 

အဆိုပါ ဘုရားပွဲတော်များ၏  သံဃာ့ဒါနဆွမ်းလောင်းလှူပွဲများကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်တွင် စန္ဒမုနိဘုရား၌ သံဃာအပါးခြောက်ရာငါးဆယ်ကျော် ၊ သီတင်းကျွတ်လပြည့်ကျော်(၂)တွင် ကုသိုလ်တော် ဘုရားဝန်း၌ သံဃာတော်(၃၁၀ဝ)ပါး နှင့်သီတင်းကျွတ်လပြည့်ကျော်(၃)ရက်တွင် ကျောက်တော်ကြီးဘုရားဝန်း၌ သံဃာအပါး (၂၁၆၀)ပါးတို့အား သံဃာဒါနဆွမ်းလောင်းလှူပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

မန္တလေးမြို့တည်နန်းတည် ဘဝရှင်မင်းတုန်းမင်းတရားကြီး လက်ထက်တော်မှစတင်၍ ကျင်းပခဲ့သော (၁၃၁)ကြိမ်မြောက် ကျောက်တော်ကြီးဘုရား၊ ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားဗုဒ္ဓပူဇနိယပွဲတော်ပွဲတော်များကို ယနေ့မှ စတင်ပြီး တစ်ပြိုင်နက် ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများ၊ဈေးရောင်း ချသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)

 

1