မန္တလေး ၁၇ ဇန်နဝါရီ 


မန္တလေးမြို့ရှိ ချမ်းမြရွှေပြည်(ကျွဲဆည်ကန်) ကားကြီးကွင်း အဆင့်မြှင့်တင် ပြုပြင်မည့် စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု အနည်းဆုံးဖြစ်စေနိုင်ရေးအတွက် Development Management and Technology Company ltd ၏ သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မှု ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း အဆိုပါပညာရှင်များအဖွဲ့မှ အဖွဲ့ဝင် ဦးမိုးအောင်က ပြောသည်။ 


အဆိုပါ လေ့လာဆန်းစစ်မှုလုပ်ငန်းများကို စီမံကိန်းနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ လေ့လာဖတ်ရှုခြင်းနှင့် မြေပြင်ကွင်းဆင်း လေ့လာဆန်းစစ်ခြင်းဟူ၍ အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းစီမံကိန်းဧရိယာအတွင်းရှိ နေရာသုံးနေရာ၌ လေအရည်အသွေး တိုင်းတာခြင်း၊ ဆူညံသံတိုင်းတာခြင်းနှင့် ရေဆိုးအနေအထား တိုင်းတာခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။ 


အဆိုပါ ကားကြီးကွင်း အဆင့်မြင့်တင်ပြုပြင်ခြင်းကို M-Development Corporation (Myanmar) Co., Ltd မှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအတွက် တည်ဆောက်ရေး ကာလအတွင်းသာမက လုပ်ငန်းလည်ပတ်စဉ် ကာလအထိ စီမံကိန်းဧရိယာအတွင်းရှိ ကားဂိတ်ပိုင်ရှင်များ၊ ဆိုင်ခန်းပိုင်ရှင်များ    အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ရန် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (EMP) ရေးဆွဲအကြံပြုနိုင်ရေး လေ့လာစမ်းစစ်မှုလုပ်ငန်းများ စတင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။ ထို့ပြင် အဆိုပါစီမံကိန်းအား တာဝန်ယူဆောင်ရွက်သွားမည့် M-Development Corporation (Myanmar) Co.,Ltd မှ မန်နေဂျာ ဦးမျိုးကိုကလည်း “ဒီပရောဂျက် အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အတတ်နိုင်ဆုံး နည်းနိုင်သမျှနည်းအောင် သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မှု ကျွမ်းကျင်ပညာရှင်များအဖွဲ့ရဲ့ အစီအရင်ခံစာနဲ့အညီ ကျွန်တော်တို့ကုမ္ပဏီက ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် လက်ရှိမှာတော့ တံခွန်တိုင်အဝိုင်းအနီးမှာ ၁၀ ဧကကျယ်တဲ့ ယာယီကားကြီးကွင်း အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ၂၀၁၉ ခုနှစ် ဇွန်လအပြီး မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီကို ယာယီကားကြီးကွင်း အပ်ရမှာဖြစ်ပြီးတော့ မြို့တော်စည်ပင်က ပြည့်စုံပြီဆိုမှ ယာယီကားကြီးကွင်းကို ရွှေ့ပြောင်းပြီး လက်ရှိကားကြီးကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စီမံကိန်းကာလရဲ့ ပထမအဆင့်ကို ၂ နှစ်အတွင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။ 


လက်ရှိတွင် ဇန်နဝါရီ ၁၅ ရက်နေ့၌ အဆိုပါစီမံကိန်းဆောင်ရွက်မည့် ဧရိယာအတွင်းရှိ သက်ဆိုင်သူများနှင့် တွေ့ဆုံ၍ လေ့လာဆန်းစစ်မှု လုပ်ငန်းစဉ်များတွင် ပါဝင်မည့် အချက်အလက်များကို အသိပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ၎င်းတို့၏ အကြံပြုချက်များကိုလည်း ရယူခဲ့ကြောင်း သိရသည်။ 


မင်းထက်အောင်(မန်းကိုယ်ပွား)