မန္တလေး ၁၉ အောက်တိုဘာ
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ်မှတ်တမ်းဝင် ကုသိုလ်တော်ဘုရား ကျောက်စာများအား ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လေ့လာမှုများပြားလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်က အင်္ဂလန်နိုင်ငံကနေ လာရောက်လေ့လာတာပါ၊ မန္တလေးမြို့မှာရှိတဲ့ ကုသိုလ်တော် ဘုရားကြီး လေ့လာရတာ အရမ်းအံ့သြစရာကောင်းပါတယ်၊ ကမ္ဘာမှာ နောက်ထပ်ဒီလိုနေရာမျိုး မတွေ့နိုင်တော့ပါဘူး၊ ဒီကုသိုလ်တော်ဘုရားကျောက်စာတွေကို လေ့လာခွင့်ရတာ အရမ်းသဘောကျပါတယ်၊ မန္တလေးမြို့ကို လာရောက် လေ့လာရတာက ကျွန်တော်တို့နိုင်ငံမှာ မန္တလေးမြို့က အရမ်းနာမည်ကြီးတယ်၊ ဒီမန္တလေးမှာရှိတဲ့ ကုသိုလ်တော် ဘုရာတို့၊ ရွှေကျောင်းတို့၊ ကျုံးမြို့ရိုးနှင့် ဦးပိန်တံတား၊ နောက်ပြီး ပုဂံတို့က အရမ်းကိုနာမည်ကြီးပါတယ်၊ ဒါကြောင့် ဒီခရီးစဉ်မှာ မန္တလေးကို အဓိကရွေးချယ်တာပါ၊’’ ဟု အင်္ဂလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားတစ်ဦးက ပြောသည်။
“အဘတို့ဆီမှာ ခရီးသွားစာရင်းအတိအကျမရှိပေမယ့် ယခုအချိန်ကခရီးသွားရာသီဆိုတော့ ကုသိုလ်တော် ဘုရားမှာ ပြည်တွင်းပြည်ပခရီးသွားတွေ လာရောက်လေ့လာမှုများပြား လျက်ရှိပါတယ်၊ ကုသိုလ်တော်ဘုရားဝင်း ထဲမှာရှိတဲ့ ဓမ္မစေတီတွေကို အများစုပေါင်းလှူဒါန်းမှုဖြင့် ဝါဆိုလပြည့်နေ့က ဓမ္မစေတီ(၇၂၉)ဆူလုံး ထီးတော်တွေ တင်လှူနိုင်ခဲ့ပါတယ်၊ ကျောက်စာများသည် ၁၉ ရာစု မြန်မာနိုင်ငံ၏ အကြောင်းအရာအမျိုးမျိုးကို ဖော်ပြနေခြင်း၊ ကမ္ဘာတွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်သော သမိုင်းကြောင်းနှင့်ယဉ်ကျေးမှုများကို ဖော်ပြနေခြင်း၊ တန်ဖိုးရှိသည့် မှတ်တမ်းအချက်အလက်များ ဖော်ပြနေသည့်အတွက် ထင်ရှားသော ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသမိုင်းနှင့် မြန်မာနိုင်ငံ၏ လူမှုအဖွဲ့အစည်းသမိုင်းကြောင်းများ ဖော်ပြလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးရာများ၊ လူမှုနိုင်ငံရေး၊ နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံရေးနှင့် ဗုဒ္ဓဘာသာ ကိုးကွယ် ယုံကြည်မှုဆိုင်ရာ ကဏ္ဍများ၊ ဓလေ့အစဉ်အလာများကို ထင်ဟပ်ပြသလျက်ရှိကြောင်း’’ ကုသိုလ်တော်နှင့် စန္ဒာမုနိဘုရား ဂေါပကအဖွဲ့ဝင် ဦးအုန်းမောင်က ပြောကြားသည်။
ကုသိုလ်တော်ဘုရားကြီးသည် ပိဋိကတ်သုံးပုံ ပါဠိတော် ကျောက်စာပေါင်း (၇၂၉)ချပ် ရှိပြီး မာတိကာအလိုက် ပိဋကတ်သုံးပုံကျောက်စာများမှာ သုတ္တန်(၃)ကျမ်း ကျောက်စာ(၄၁၀) ချပ်၊ ဝိနည်း(၅)ကျမ်းကျောက်စာ(၁၁၁)ချပ်၊ အဘိဓမ္မာ(၇) ကျမ်းကျောက်စာ(၂၀၈)ချပ်ရှိသည်။ ဘုရားဝန်းအတွင်း ၌ ကျောက်စာတစ်ချပ်လျှင် ဓမ္မစေတီ တစ်ဆူနှုန်းဖြင့် တစ်ဆယ့်သုံးဧက ကျယ်ဝန်းသော စေတီပရဝုဏ် သုံးထပ်အတွင်း စိုက်ထူထားသည်။ အဆိုပါကျောက်စာများကို မြန်မာသက္ကရာဇ် (၁၂၂၂) ခုနှစ် တွင် စတင်ထွင်းထုခဲ့ရာ (၁၂၃၀) ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
ကုသိုလ်တော်ဘုရား ကျောက်စာချပ်များကို Memory of the World စာရင်းသို့ (၂၀၁၂) ခုနှစ် ၊မတ်လ (၃၁) ရက် တင်သွင်းခဲ့ပြီး အဆိုပါအမွေအနှစ်ကို တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့တွင် ၂၀၁၃ ခုနှစ် ဇွန်လ (၁၈ရက် မှ ၂၁ ရက်ထိ ) ကျင်းပပြုလုပ်သည့် အစည်းအဝေး၌ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms. Irina Bokova က သဘောတူ အတည်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် UNESCO Memory of the World စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)