မန္တလေး ၅ မတ်
မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး အောက်ခြေစမ္မခဏ်အက်ကွဲမှုနှင့်ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ညှိနှိုင်းဆွေးနွေးပွဲကို မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့ရုံးတွင် မတ်လ ၄ ရက် ညနေ ၄ နာရီက ကျင်းပပြုလုပ်ပြီး အက်ကွဲမှုအခြေအနေများအား စစ်ဆေးကြည့်ရှုခဲ့ကြသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တမ္ပဝတီဦးဝင်းမောင်နှင့် ပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြန်မာနိုင်ငံဗိသုကာ အသင်း၊ မြန်မာနိုင်ငံ သတ္တုဗေဒ အင်ဂျင်နီယာအသင်း၊ မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာန၊ သမိုင်းဗေဒ ရွှေတိဂုံဂေါပကအဖွဲ့ အကြံပေး ဦးမောင်မောင်ကြီး၊ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဝင် ကြေးသွန်းပညာရှင်ဦးဆန်းနှင့် အဖွဲ့အစည်းအသီးသီးမှ ပညာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဉက္ကဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များက မဟာမုနိဘုရားကြီး အောက်ခြေစမ္မခဏ် ပြုပြင်ရမည့်အခြေအနေ၊ ဆက်လက်ထိန်းသိမ်းရမည့် နည်းလမ်းများနှင့် လုပ်ငန်းစဉ်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
နှစ်ပေါင်းများစွာကြာပြီးဖြစ်တဲ့အတွက် ပလ္လင်တော်ကလည်း ခံနိုင်ရည်အားနည်းနေပြီး နေ့စဉ်နဲ့အမျှ ရွှေအလေးချိန်ကလည်း တိုးလာတော့ မူလထက် ဆင်းတုတော်ကြီးရဲ့ အလေးချိန်က တစ်ဆ၊ နှစ်ဆလောက် ရှိနေပြီး ရွှေမချခင် ခံနိုင်ရည်နဲ့ လုပ်ခဲ့တဲ့နည်းပညာ၊ ခံနိုင်ရည်အားနည်းနေတဲ့ ပလ္လင်ပေါ်ထပ်ပြီး စေတနာရှင်တွေ လှူဒါန်းလာမည့် အလေးချိန် စတဲ့အချက်တွေကို စဉ်းစားပြီး ဘယ်လိုဆက်လုပ်မလဲ၊ ဘယ်အပိုင်းတွေကို ပျက်စီးစေသလဲ ဆိုတာအပေါ် စဉ်းစားသုံးသပ်ဖို့ တင်ပြချင်ကြောင်း အဆိုပါဆွေးနွေးပွဲ တမ္ပဝတီဦးဝင်းမောင် က ပြောကြားသည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မဟာမုနိဘုရားကြီးပလ္လင်တော်စမ္မခဏ် အက်ကွဲမှုအခြေအနေများအား လေ့လာကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ညှိနှိုင်းဆွေးနွေးသည့် အခြေအနေများအား ဩဝါဒဆရာတော်ကြီးများအား မဟာမုနိဘုရားကြီး ဂေါပကဉက္ကဌက တင်ပြလျှောက်ထားသည်။
“ဒီနေ့ ညှိနှိုင်းဆွေးနွေးပွဲမှာတော့ ပထမအဆင့်ရေတိုအနေဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ အက်ကြောင်းနှစ်နေရာနှင့် ပဲ့နေတဲ့နေရာတစ်ခု အလိုက်သင့်ဖယ်ရှားပြီး စမ္မခဏ် ပိုးထားတဲ့ မဆလာ(ဘိလပ်မြေ)ထု အတွင်းပိုင်းမှာ အက်ကြောင်း မရှိတော့ဘူးဆိုရင် မဆလာပြန်သိပ်ပြီး မူလအတိုင်း မှန်စီရွှေချပြုလုပ်ကာ ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့် ရေရှည်အနေဖြင့် ဘုရားကြီး ကိုယ်လုံးတော်ပေါ်က ရွှေသားထု ဘယ်လောက်များနေပြီးလဲဆိုတာကို အသံလှိုင်းစနစ်ဖြင့် လေ့လာပြီး ဘုရားကြီးရဲ့ မူလပုံသဏ္ဍန်နှင့် လက်ရှိဖြစ်နေတဲ့အနေအထား ဘယ်လောက်ကွာခြားနေမလဲဆိုတာကို သက်ဆိုင်ရာပညာရှင်များနဲ့ တိုင်းတာမယ်၊ တတိယအဆင့် ရေရှည်အနေဖြင့် ပလ္လင်တော်ခိုင်ခန့်အောင် ဆောင်ရွက်မည့် နည်းလမ်းများဆောင်ရွက်မယ်၊ ပထမအဆင့် စမ္မခဏ်အက်ကြောင်းများ ပြုပြင်မှု လုပ်ငန်းစဉ်များကို မတ်လ ၅ ရက် ညနေ ၄ နာရီ တွင် စတင်ဆောင်ရွက်ပါမယ်၊ ဆောင်ရွက်မည့် အခြေအနေများကိုလည်း ပညာရှင်များနှင့်ထပ်မံညှိနှိုင်းဆွေးနွေးသွားမှာပါ” ဟု မဟာမုနိဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးစိုးလင်း က ပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)


