မန္တလေး ၃၁ မေ
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်ထားသော မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာတိုက်ခန်း ဝယ်ယူခွင့်ရရှိသူများအား ဇွန် ၁ ရက်မှ စတင်၍ တိုက်ခန်းနေရာများ မဲဖောက်ပေး သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ ဖော်ဆောင်ထားခြင်းဖြစ်ကာ ၄ ခန်းတွဲ ၆ ထပ်တိုက်ခန်းများကို ဆောက်လုပ်ပြီး အစိုးရဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ ပြည်သူနှင့် ပြင်ပကုမ္ပဏီဝန်ထမ်းများအား အရစ်ကျစနစ်(သို့) လက်ငင်းစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။
အဆိုပါတိုက်ခန်း(၅၈၆) ခန်းဝယ်ယူခွင့်အတွက် လျှောက်ထားသူများအား ပြီးခဲ့သည့် မတ်လတွင် မဲနှိုက်ရွေးချယ်ခဲ့ပြီး ဝယ်ယူခွင့်ရရှိသူများအနေဖြင့် စပေါ်ငွေ ကျပ်သိန်း(၂၀)အား ကြိုတင်ပေးသွင်းရမည်ဖြစ်ကာ မေလ ၂၅ ရက်အထိ ၅၈၀ ကျော် လာရောက်ပေးသွင်းထားကြောင်း သိရပြီး စပေါ်ငွေသွင်းရန် ကျန်ရှိသူများကိုလည်း ဆက်သွယ်ထားကြောင်း သိရသည်။
တိုက်ခန်းဝယ်ယူခွင့်ရသူများအနက် ဇွန် ၁ ရက် တွင် နိုင်ငံဝန်ထမ်းများ၊ ဇွန် ၂ ရက်တွင် အငြိမ်းစားဝန်ထမ်းများ၊ ဇွန်(၃)ရက်တွင် ပြည်သူများနှင့် ဇွန် ၄ ရက်တွင် ပြင်ပကုမ္ပဏီဝန်ထမ်းများအား မဲစနစ်ဖြင့် တိုက်ခန်းများ နေရာချထားပေးမည်ဖြစ်ကြောင်း၊ မဲစနစ်ရွေးချယ်ခြင်းကို မန္တလေးမြို့တော်ခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း။ ကိုဗစ်ကာလဖြစ်နေသည့်အတွက် လူစုလူဝေးမဖြစ်ရန် စီစဉ်ထားပြီး ပင်စင်စားများမှအပ ကျန်လူများအနေဖြင့် လူပိုများ ခေါ်ဆောင်လာခြင်းမပြုရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကြေငြာချက်ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခန်းများ၏ အကျယ်အဝန်းမှာ ၆၆၁ စတုရန်းပေးရှိပြီး အိပ်ခန်း(၂)ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာနှင့်ဧည့်ခန်းတို့ပါဝင်မည်ဖြစ်ကာ မြေညီထပ်(၁)ခန်းလျှင် ငွေကျပ်(၂၈၈)သိန်းနှင့် အပေါ်ဆုံးထပ်တစ်ခန်းလျှင် ငွေကျပ်(၁၈၀)သိန်း ရှိပြီး အထပ်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


