မန္တလေး ၄  ဒီဇင်ဘာ 

 

မြန်မာ့အနုပညာ ဗိသုကာလက်ရာများ စံပြုကျောင်းဖြစ်သော မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)အား ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိသည်။

 

‘’ ဒီသစ်သား ကျောင်းကြီးကိုလာရောက်လေ့လာတဲ့ ပြည်တွင်း ပြည်ပခရီးသွားများ ကျေနပ်နှစ်သက် သဘောကျလျက်ရှိကြောင်း၊ ဒီကျောင်းကြီးရဲ့ အတွင်းရောအပြင်မှာ ပြုလုပ်ထားတဲ့ အနုစိတ် အနုပညာ လက်ရာများကို စိတ်ဝင်တစား လေ့လာကြကြောင်း၊  ပန်းချီ၊ ပန်းပုအနုပညာ ဗိသုကာလက်ရာတွေကို အနီးကပ်လေ့လာရတဲ့အတွက် သဘောကျလျက်ရှိကြောင်း၊ သစ်သားကျောင်းကြီး တည်ဆောက်ပုံနှင့် အနုပညာလက်ရာများမှာ စနစ်ကျကြောင်း၊ ရှေးခေတ်ပညာရှင်များ၏ အနုပညာလက်ရာမှာ မြန်မာလူမျိုးများအတွက် ဂုဏ်ယူဖွယ်တစ်ခု အဖြစ်တည်ရှိနေကြောင်း ‘’ ခရီးသွားဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။

 

လက်ရှိတွင် ရွှေနန်းတော်ကျောင်း(ရွှေကျောင်းကြီး)အား ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အထိမ်းအမှတ် အဆောက်အဦများ ရန်ပုံငွေအဖွဲ့နှင့် ပညာရှင်များ ပူးပေါင်းကာ ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မျိုးဆက်သစ်များအတွက် ပြိုင်ဘက်ကင်း ဗိသုကာလက်ရာများ၊ ပန်းချီ၊ ပန်းပု အနုပညာလက်များကို မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

 

ရွှေကျောင်းဟု လူသိများသော ရွှေနန်းတော်ကျောင်းသည် နှစ်ပေါင်း(၁၃၀)ကျော် သက်တမ်းရှိပြီး ကုန်းဘောင်ခေတ် (၁၉)ရာစု မြန်မာ့အနုပညာဗိသုကာလက်ရာ စံပြုကျောင်းကြီး ဖြစ်သည်။ ရွှေနန်းတော်ကြီးမှာ အမိုးသုံးဆင့်၊ လယ်ပေါ်နှစ်ထပ်၊ စမြင်ပါသော ဇေတဝန်ဆောင် ဖြစ်သည်။ 

 

ကျောင်းကြီး တစ်ဆောင်လုံးတွင် အရှေ့အနောက်တိုင် ၁၅ လုံးတန်းနှင့် တောင်မြောင် ၁၀ လုံးတန်းရှိခြင်းကြောင့် တိုင်ပေါင်း(၁၅၀)တိုင်၊ နယားရုပ်ထောက်တိုင်ပေါင်း ၅၄ တိုင်နှင့် သရက်ကင်း အုတ်လှေကား ငါးစင်းဖြင့် တည်ဆောက်ထားသည်။

 

ကျောင်းကြီးတစ်ခုလုံးတွင် မြန်မာမှုသစ်သားပန်းပု အခြေခံ ခြူးပန်း၊ ခြူးနွယ် အပြောက်အမွှမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက်တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွများနှင့် အတွင်းမာရဘင် အရှေ့ပိုင်ကွန်းစင်တိုင် အခြေတွင် ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇာတ်၊ ဥတေနဇာတ်တော်များကို စိတ်ဝင်စားဖွယ် လက်ရာမြောက်စွာ အနုစိတ်တပ်ဆင်ထားကြောင်း မှတ်တမ်းများအရ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)