မန္တလေး ၁ သြဂုတ်
မန္တလေးမြို့ရှိ ရေသန့်စက်ရုံများအား ရှောင်တခင်စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကသိရသည်။
ရေသန့်စက်ရုံများကို ရှောင်တခင်စစ်ဆေးရာတွင် FDA မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များ လိုက်နာခြင်းရှိမရှိကို စစ်ဆေးသွားမည်ဖြစ်ပြီး သတ်မှန်ထားသည့် စည်းကမ်းများဖြင့် လိုက်နာမှုမရှိသော စက်ရုံများကို ပိတ်သိမ်းသွားမည်ဖြစ်သည်။
" အဓိက ကတော့ ရေသန့်အရေအသွေးရယ် သတ်မှတ်ထားတဲ့စည်းကမ်းတွေကိုစစ်တယ် စစ်ဆေးပြီးလို့ သတ်မှတ်ထားတဲ့စည်းကမ်းနဲ့မကိုက်ညီဘူးဆိုရင် ယာယီပိတ်သိမ်းတယ် သတ်မှတ်ထားတဲ့စည်းကမ်းနဲ့ ကိုက်ညီမှုရှိတယ်ဆိုရင်တော့ လက်မှတ်ထုတ်ပေးတယ် အဲ့ဒီလက်မှတ်ရရှိပြီးရင် ပြန်လည်စစ်ဆေးတဲ့အခါမှာ စည်းကမ်းနဲ့မကိုက်ညီဘူးဆိုရင် လက်မှတ်သိမ်းပြီး ပိတ်သိမ်းမှာပါ " ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ပိတ်သိမ်းထားသည့် ရေသန့်စက်ရုံများကို ယာယီပိတ်သိမ်းချိန်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်းနှင့် စည်းကမ်းချက်များနှင့် ကိုက်ညီသည့် ထုတ်လုပ်မှုစနစ်ရှိမှသာပြန်လည် ထုတ်လုပ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။
" ဒီလိုစစ်ဆေးတဲ့အခါမှာ စည်းကမ်းနဲ့ ကိုက်ညီမှုမရှိရင် အရေးယူမှုတွေကတော့ ဒဏ်ငွေသုံးသောင်းနဲ့ ထောင်ဒဏ် ၃ နှစ်ပေါ့ ထောင်ဒဏ်ကတော့ ဆေးဝါးကွပ်ကဲရေးနဲ့ဆိုင်တာပေါ့ ဆေးဝါးကကျတော့ ဓာတုပစ္စည်းပါမပါစစ်ဆေးတယ် ပါတယ်ဆိုရင်တော့ ရဲလက်တစ်ခါတည်းအပ်တာပေါ့ " ဟု ၎င်းကဆက်ပြောသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနထောက်ခံချက်လက်မှတ်ရရှိရန် ရေသန့်စက်ရုံ၏ အခန်းဖွဲ့စည်းပုံ၊ လုပ်သားများ၏ ဝတ်စုံနှင့်ရေအရည်အသွေးများ အဓိကစစ်ဆေးခံရပြီး ယင်းအချက်များကိုက်ညီလျှင် ခွင့်ပြုလက်မှတ်ထုတ်ပေးသည်ဟု သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၀ နောက်ပိုင်းမှစတင်ကာ ရေသန့်စက်ရုံများ တစ်ဖြေးဖြေးများပြားလာခဲ့ပြီး ယခုအချိန်တွင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန စာရင်းများအရ မန္တလေးခရိုင်အတွင်းတွင် ရေသန့်စက်ရုံပေါင်း ၂၀ဝ ထပ်မံဖွင့်လှစ်ရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန သို့တင်ပြထားကြောင်း သိရသည်။
သူရိန်လင်း


