မန္တလေး ၂၈ စက်တင်ဘာ 

မန္တလေးမြို့၌ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် အမရပူရ မြို့နယ်တို့အား စက်တင်ဘာလ (၂၆) ရက်နေ့မှ စတင်ကာ Stay at Home နေထိုင်ရမည့် မြို့နယ်များအဖြစ် သတ်မှတ် ကြေညာခဲ့သည်။

အဆိုပါမြို့နယ်များအတွင်း ယာဉ်ရပ်နားခွင့်မရှိဘဲ ဖြတ်သန်းသွားလာရမည့် လမ်းကြောင်းများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စက်တင်ဘာလ (၂၈) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ မော်တော်ယာဉ်များသည် မဟာအောင်မြေ မြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် ယာဉ်ရပ်နားခွင့်မရှိဘဲ အရှေ့ အနောက် လမ်းများဖြစ်သည့်၂၆ ဘီလမ်း၊ လမ်း ၃၀၊ ၃၅ လမ်း၊ သိပ္ပံလမ်း၊ တောင်မြောက် လမ်းများဖြစ်သည့် ကမ်းနားလမ်း၊ ၈၄ လမ်း၊ လမ်း ၈၀၊ ၇၈ လမ်း၊ ၇၃ လမ်း၊ ၆၆ လမ်း၊ ၆၂ လမ်း ၊ အရှေ့မြို့ပတ်လမ်းတို့မှ မောင်းနှင် ရမည်ဖြစ်ပြီး၊ အခြားလမ်းများမှ ဖြတ်သန်းမောင်းနှင်ခြင်း မပြုရန် ဖြစ်သည်။

အမရပူရမြို့နယ်အတွင်း မော်တော်ယာဉ်များသည် ယာဉ်ရပ်နားခွင့်မရှိဘဲ ကမ်းနားလမ်း၊ စစ်ကိုင်း-မြစ်ငယ်လမ်း၊ ကွမ်းသီးတန်းလမ်းမှ ကန်ပတ်လမ်း အထိ၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ထုံးဘို-မြစ်ငယ်လမ်း၊ ၂၆ လမ်းတို့မှ မောင်းနှင်ရမည်ဖြစ်ပြီး ၊ အခြားလမ်းများမှ ဖြတ်သန်းမောင်းနှင်ခြင်း မပြုရန် ဖြစ်သည်။

အခြားတိုင်းနှင့် ပြည်နယ်များမှ သယ်ယူပို့ဆောင်လာသည့် ကုန်ပစ္စည်းများ အား ကုန်တင်ကုန်ချပြုလုပ်ရာတွင် ဒေါနဘွားကားကွင်းနှင့် စွယ်တော် ကားကွင်းကိုသာ ကုန်တင်ကုန်ချနေရာအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

#မန္တလေးသတင်းဌာနခွဲ