မန္တလေး ၁၈ ဇန်နဝါရီ      
    

မန္တလေး အမရပူရမြို့နယ် အတွင်းရှိ တောင်သမန်အင်း ပတ်ဝန်းကျင်နှင့် အမရပူရမြို့နယ် တစ်ဝိုက်တွင် ထိုင်းနိုင်ငံအခြေစိုက် ASEAN Param-otoring Club(FLY ASEAN) နှင့် မြန်မာနိုင်ငံ လေထီးခုန်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ချစ်ကြည်ရေးအလှပြ စက်တပ်လေထီးစီးနင်း ပျံသန်းမှုကို ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ လေထီးခုန်အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကျော်စိုးအောင်က ပြောသည်။


အဆိုပါစီးနင်းပျံသန်းမှုကို မြန်မာနိုင်ငံ လေထီးခုန်အဖွဲ့ချုပ်၏ စီစဉ်မှုဖြင့် ထိုင်းနိုင်ငံ Asean Paramotoring Club (FLY ASEAN)မှ ပါရာ မိုတာမောင်းနှင်ကျွမ်းကျင်သူ လေးဦးနှင့် မြန်မာနိုင်ငံမှ ပါရာမိုတာကျွမ်းကျင်သူ လေးဦးတို့ မောင်းနှင်ပျံသန်းခြင်းဖြစ်ကာ ရှမ်းလေးကျွန်းရွာမှ စတင်၍ တောင်သမန်အင်းပတ်ဝန်းကျင်၊ အမရပူရမြို့နယ် တစ်ဝိုက်နှင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ပျံသန်းခဲ့ခြင်းဖြစ်ပြီး ရှမ်းလေးကျွန်းရွာတွင် ပြန်လည်ဆင်းသက်ခဲ့ကြောင်း သိရသည်။

123456


"ASEAN Paramotoring Club အနေနဲ့ မြန်မာနိုင်ငံလေထီးခုန်အဖွဲ့ချုပ်က တာဝန်ရှိသူတွေဆီ ဆက်သွယ်ပြီး ချစ်ကြည်ရေးအဖြစ် စီစဉ်ခြင်းဖြစ်ပါတယ်။ အာဆီယံနိုင်ငံက အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရအောင်၊ မြန်မာနိုင်ငံရဲ့ သဘာဝအလှတွေကို ကောင်းကင်ပေါ်ကနေ ကြည့်ရှုခံစားနိုင်အောင်နဲ့ အတတ်ပညာချင်းဖလှယ်တဲ့ သဘောပဲဖြစ်ပါတယ်။ အခုလုပ်တဲ့အစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ သဘာဝအလှအပတွေကို ကမ္ဘာက တပြိုင်တည်းသိခွင့်ရသွားမှာဖြစ်လို့ ခရီးသွားကဏ္ဍအတွက် အများကြီးအကျိုးရှိစေမှာပါ။ ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း ဒီတောင်သမန်အင်းပတ်ဝန်းကျင်မှာ စမ်းသပ်ပျံသန်းမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။"ဟု ၎င်းကပြောသည်။

5000


ထို့ပြင် အလှပြစက်တပ်လေထီးပျံသန်းပြီးနောက် ဆင်းသက်ခဲ့သည့် ရှမ်းလေးကျွန်းကျေးရွာရှိ စာသင်ကျောင်းတွင် လေကြောင်း အထောက်အကူပြုပစ္စည်းများ၊ ပညာရေးနှင့် အားကစားဆိုင်ရာ အသုံးအဆောင်ပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်ထံပေးအပ်လှူဒါန်းခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်နေ့တွင် ပြင်ဦးလွင်မြို့ပေါ်မှ စေတလုံးရွာအထိလည်းကောင်း၊ ဇန်နဝါရီ ၂၀ ရက်နေ့တွင် နောင်ချိုမြို့အားကစားကွင်းမှ နောင်ပိန်ရွာ သို့လည်းကောင်း ထပ်မံ၍ မောင်းနှင်ပျံသန်းသွားမည်ဖြစ်ပြီး ဆင်းသက်ရပ်နားမည့် စေတလုံးကျေးရွာစာသင်ကျောင်းနှင့် နောင်ပိန်ကျေးရွာစာသင်ကျောင်းများတွင်လည်း ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းသုံးပစ္စည်းအချို့နှင့် လေယာဉ်ပျံငယ်များကို ပေးဝေသွားမည် ဖြစ်သည်။


ယနေ့ပြုလုပ်သည့် ချစ်ကြည်ရေးအလှပြစက်တပ်လေထီးပျံသန်းခြင်းကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပျံသန်းခြင်းဖြစ်ပြီး ပေ ၃၀ဝ၀ အမြင့်မှ ပျံသန်းရာလမ်းကြောင်းများကိုလည်း လေကြောင်းလိုင်းများနှင့် လွတ်ကင်းစေရန် ရွေးချယ်ပျံသန်းခဲ့ကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)
ဓာတ်ပုံ- MG Ba Oo( Mandalay)