မန္တလေး ၂၀ ဇူလိုင်
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ယောမင်းကြီးလမ်းအား ဖွံ့ဖြိုးသာယာလှပရေးအတွက် လမ်းမီးတိုင်များ စိုက်ထူရန် လှူဒါန်းခဲ့သော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကနောင်ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လှက အဖွင့်အမှာစကားပြောကြားပြီး ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးစောဟန်တို့က ဂုဏ်ပြုအမှာစကားများ ပြောကြားကြသည်။ ၎င်းနောက် ယောမင်းကြီးလမ်း ဖွံ့ဖြိုးသာယာလှပရေးနှင့် လမ်းမီးတိုင်မီးလင်းရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးဉာဏ်အောင် လမ်းမီးတိုင်များ မီးလင်းရေးအတွက် ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက လမ်းမီးတိုင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ကိုကိုက ကျေးဇူးတင်စကား ပြောကြားသည်။
ပြည်ကြီးတံခွန်မြို့နယ်ရှိ ယောမင်းကြီးလမ်းအား ဖွံ့ဖြိုးသာယာလှပစေရေးအတွက် လမ်းမီးတိုင်များ စိုက်ထူခြင်းကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အလှူရှင်များ ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါလမ်း၌ လမ်းမီးတိုင်ပေါင်း ၁၂၅ တိုင် စိုက်ထူထွန်းညှိထားကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးစောဟန်နှင့် တာဝန်ရှိသူများ၊ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)


