မန္တလေး  ၃၀ ဒီဇင်ဘာ

 

နှစ်သစ်ကူးရုံးပိတ်ရက်နှင့် ဒီဇင်ဘာကျောင်းပိတ်ရက်ရှည်ကာလအတွင်း မန္တလေးမြို့သို့ ဘုရားဖူးအပန်းဖြေ လေ့လာရန် မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်လည်ပတ်ကြသူများဖြင့် မန္တလေးမြို့တခွင်အထူးစည်ကား ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

 

မန္တလေးမြို့သို့ လာရောက်လည်ပတ်ကြသူများအနေဖြင့် ယခုလိုဆောင်းရာသီကာလတွင် မန္တလေးမြို့၏ ချမ်းအေးသည့် အရသာကိုခံစားရင်း တန်ခိုးကြီးဘုရားများနှင့် ယဉ်ကျေးမှုအမွေအနှစ်များစွာကို လည်ပတ်လေ့လာဖူးမြော်ရခြင်းသည် ရသာမျိုးစုံခံစားခွင့်ရရှိကြောင်း ရန်ကုန်မြို့မှ စက်ရုံပိတ်ရက်အတွင်း သူငယ်ချင်းများနှင့် စုပေါင်းခရီးထွက်၍ ဘုရားဖူးအပန်းဖြေရန် လာရောက်လည်ပတ်သူ ကိုမင်းမင်းဦးကပြောသည်။

 

လှိုင်သာယာအထည်ချုပ်စက်ရုံက ဝန်ထမ်းတွေပါ ပိတ်ရက်ရှည်ရတုန်းလေး သူငယ်ချင်းတွေစုပေါင်းပြီး ခရီးထွက်ခဲ့ကြတာပါ မန္တလေးကို ဒီနေ့မနက်ပဲရောက်ပါတယ် ရောက်ရောက်ချင်း မန္တလေးရဲ့ ဆောင်းရာသီအရသာကို ခံစားလိုက်ရတယ် မဟာမုနိနဲ့ မနလေးတောင်ပေါ်ဘုရားတွေ ဖူးပြီး အခု ကုသိုလ်တော်ဘုရားကို လာဖူးတာပါ။ မနက်ဖြန်တော့ မေမြို့ပန်းပွဲတော်ကို သွားပြီး အပန်းဖြေဖို့စီစဉ်ထားတယ် ဆောင်းရာသီအငွေ့အသက်နဲ့ ဘုရားဖူးအပန်းဖြေခွင့်ရတဲ့ မန္တလေးခရီးစဉ်ကို အားရကျေနပ်ပါတယ် ဟုပြောသည်။

 

ထို့ပြင် ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်ရှည်တိုက်ဆိုင်သဖြင့် မိသားစုလိုက် ရန်ကုန်မြို့မှ လာရောက်လည်ပတ်ကြသူ ဒေါ်တင်တင်အေးကလည်း သားသမီးတွေ မြေးတွေ အားလပ်ရက်လေးရတုန်း မန္တလေးမြို့ရဲ့ တန်ခိုးကြီးဘုရားတွေကို ဖူးမြောင်ရင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံတွေကို လာရောက်လေ့လာတာပါ။ (၅)နှစ်လောက်မရောက်ခဲ့တဲ့ မန္တလေးမြို့ရဲ့ မြင်ကွင်းတွေက အများကြီးပြောင်းလဲတိုးတက်နေတာတွေ့ရပါတယ် ဟု ၎င်းကပြောသည်။

 

ယခုလို ရုံးပိတ်ရက်ရှည် ခံစားခွင့် ရရှိသည့်အချိန်တွင် ခရီးထွက်ခွာ၍ တန်ခိုးကြီးဘုရားများဖူးမြော်ရင်း မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်လက်ရာများဖြစ်သည့် ကျုံးမြှို့ရိုး၊ ရွှေနန်းတော်ကျောင်းနှင့် အမရပူရမြို့၏ ရှေးဟောင်းအဆောက်အအုံများကိုလေ့လာကာ ဦးပိန်တံတားကြီးပေါ် မိသားစုအလိုက် ပျော်ရွှင်စွာ လမ်းလျှောက်၍ မန္တလေးမြို့သို့ရောက်ရှိသည့် အရသာကို ပြည့်ဝစွာခံစားမည်ဖြစ်ကြောင်း ပုသိမ်မြို့မှ လာရောက်လည်ပတ်သည့် ဦးသန်းလှကပြောသည်။

 

မန္တလေးမြို့သို့လာရောက်လည်ပတ်ကြသူများသည် အဝေးပြေးယာဉ်များရထားများဖြင့် လာရောက်သူများ ရှိသကဲ့သို့ မိသားစု ဆွေမျိုးနှင့် ရင်းနှီးချစ်ခင်သူများ စုပေါင်း၍ စင်းလုံးအငှားယာဉ်များဖြင့်လည်း လာရောက်ကြပြီး  ၎င်းတို့ လည်ပတ်ရောက်ရှိရာ နေရာများတွင် ဒေသထွက်ကုန်များလည်း ရောင်းအားကောင်းကြသဖြင့် ဒေသခံများလည်း ပျော်ရွှင်လျက်ရှိကြောင် းသိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)