မန္တလေး ၁၂ ဧပြီ

 

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ် အောင်မြေသာစံ မြို့နယ်အတွင်းရှိ ဈေးများတွင် ဧပြီ ၁၂ ရက် နံနက် ၇ နာရီမှ စတင်၍ ကိုဗစ် - ၁၉  ရောဂါ ကာကွယ်တားဆီးရေးအတွက်  Mask Campaign ပြုလုပ်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနနှင့် မီးသတ်ဦးစီးဌာနများမှ ဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ဈေးများအတွင်း ရောင်းချနေကြသည့် ဈေးသည်များ၊ အလုပ်သမားများနှင့် ဈေးဝယ်ကြသူများ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် နှာခေါင်းစည်း တပ်ဆင်ခြင်းဖြင့် ကာကွယ်ကြရန် စည်းရုံးပြောဆိုခြင်းများ ဆောင်ရွက်ကာ နှာခေါင်းစည်းများ ဝေငှပေးကြသည်။

 

mdn

 

“အားလုံးကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဖို့အတွက် နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ စည်းရုံးပြောဆိုတဲ့ လှုပ်ရှားမှုတစ်ခုပါပဲ။ ဒီဆောင်ရွက်မှုမှာ ရောင်းသူဝယ်သူအားလုံး နှာခေါင်းစည်း တပ်ဆင်ကြဖို့ အသိပညာပေးမှုတွေနဲ့ စည်းရုံးပြောဆိုပြီး နှာခေါင်းစည်း မတပ်ထားရင် အိမ်ကို ပြန်ယူခိုင်းတာ၊ ဝယ်ပြီးတပ်ဆင်ခိုင်းတာတွေကို ပြုလုပ်ပါတယ်။ ဒါအပြင် နှာခေါင်းစည်း တပ်မထားရင် ဈေးအတွင်းကို ဝင်ရောက်ပြီး ဝယ်ယူ ရောင်းချခွင့် မပြုပါဘူး” ဟု အောင်မြေသာစံမြို့နယ် စည်ပင်သာယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

လက်ရှိကာလတွင် မန္တလေးမြို့ရှိ ဈေးများ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မိသားစုတို့မှ ပြည်တွင်း၌ ချုပ်လုပ်သည့် နှာခေါင်းစည်းများအား သက်ဆိုင်ရာ ဈေးအကျိုးတော်ဆောင်များ၊ ဈေးဝန်ထမ်းများနှင့်အတူ ဈေးသည်များအား လိုက်လံဝေငှပေးလျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)