မန္တလေး ၂၂ ဧပြီ
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အငြိမ်းစားဝန်ထမ်းများနှင့် မိသားစုပင်စင်ခံစားသူများ၏ ဧပြီလအတွက် ပင်စင်လစာငွေများ ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော်ခန်းမတွင် COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဘဏ္ဍာရေးဌာန ဒုတိယဌာနမှူး ဒေါ်မော်လီစန်းနှင့် ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများ၊ မိသားစုပင်စင်ခံစားသူများကို ငွေထုတ်ပေးရာ အခန်းအဝင်ဝ၌ Mask များ တပ်ဆင်လာစေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ ထိုင်ခုံဖြင့် နေရာချထားပေးခြင်း၊ စိစစ်ရေးလက်မှတ်တင်ပြခြင်း၊ ကော်မတီမှထုတ်ပေးသည့် တစ်ဦးလျှင် Mask (၁၀)ခုပါ တစ်ထုပ်နှင့် ပင်စင်လစာငွေများ ထုတ်ပေးခြင်း၊ ပင်စင်ထုတ်ယူသူများကို Mandalay Smart Pay Account ဖွင့်ပေးခြင်းအတွက် ရတနာပုံဘဏ်ဝန်ထမ်းများမှ ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ရတနာပုံဘဏ် တာဝန်ရှိသူတစ်ဦးမှ ပင်စင်လစာကို Smart Pay ဖြင့် ထုတ်ယူခြင်းဖြင့် အခွန်အခများ ပေးဆောင်ခြင်း၊ စျေးဝယ်ခြင်း၊ ငွေလွဲပြောင်းခြင်းတို့ကို ငွေသားကိုင်ဆောင်စရာမလိုဘဲ အလွယ်တကူရယူ ပေးဆောင်နိုင်ခြင်းကြောင့် ယနေ့ဖြစ်ပေါ်နေသော COVID-19 နှင့် အခြားကူးစက်တတ်သောရောဂါများ အန္တရာယ်မှ ကင်းဝေးစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတွင် အငြိမ်းစားဝန်ထမ်းများနှင့် မိသားစုပင်စင်ခံစားသူ (၈၅၁)ဦးရှိပြီး ပင်စင်လစာငွေများကို ဧပြီ ၂၂ ရက်မှ ၃၀ ရက်ထိ ထုတ်ပေးသွားမည်ဖြစ်ပြီး ထုတ်ယူရန်ကျန်ရှိသူများကို မေလအတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)