မန္တလေး  ၁၈ ဖေဖော်ဝါရီ 

 

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေသော မြေကွက်လပ်များအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိမရှိ ယနေ့ ကျင်းပပြုလုပ်သည့် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်တွင် မေးမြန်းခဲ့သည်။

 

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) အခမ်းအနားတွင် ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ်  ဦးမြင့်အောင်မိုး ကမေးမြန်းခဲ့ခြင်း ဖြစ်သည်။ 

 

“မြေကွက်လွတ်တချို့မှာ ပိုင်ရှင် ဘယ်သူမှန်းမသိရဘဲ မြေကွက်လွတ်တွေ ရှိနေတယ်။ ပိုင်ရှင်ရှိလို့ ဂရန်လျှောက် ချင်သူ၊ဂရန်ရှိသူတွေက အိမ်ဆောက်မိန့်နဲ့ ခြံစည်းရိုးခတ်ချင်လို့ လျှောက်ထားတော့ အိမ်ဝင်းထဲ ကျူးကျော်နေသူတွေကို စည်ပင်ကရှင်းရမှာ ခက်တော့ ဆောင်ရွက်လို့မရဖြစ်နေတယ်။ တချို့လုပ်ငန်းတွေမှာ အစိုးရအဖွဲ့က မြန်ဆန်အောင်ကူညီဆောင်ရွက်မှု လိုတာတွေ့ရတယ်။ အဲဒီမြေကွက်တွေကို ဝန်ထမ်းအိမ်ရာတွေ ၊ တန်ဖိုးနည်း အိမ်ရာတွေ စသဖြင့် စနစ်တကျစီမံခန့်ခွဲပြီး လုပ်ဆောင်ပေးရင် အကျိုးဖြစ်ထွန်းမယ်။”ဟုချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်(၂)မှ မန္တလေးတိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက တင်ပြခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ မေးခွန်းနှင့်ပတ်သက်ပြီး မန္တလေးမြို့တော် စည်ပင်နယ်နိမိတ်အတွင်းမှ မြေကွက်လပ်များမှ မြေချထားမိန့် စလစ်မူရင်းလက်ဝယ်ကိ်ုင်ဆောင်ထားပြီး မြငှားဂရန် မလျှောက်ထားသေးသူများအား မြေငှားဂရန်ရရှိရေးဆောင်ရွက်ခြင်းတွင် လိမ်လည်လျှောက်ထားသည့် အမှုတွဲများကြောင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ဆိုင်းငံ့ထားရာမှ အစိုးရအဖွဲ့အစည်းအဝေးတွင် ဆွေးနွေးညှိနိုင်းပြီးပါက ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့တော်ဝန် ဒေါက်တာရဲလွင် က ပြန်လည်ဖြေကြားခဲ့သည်။ 

 

“မြို့ကွက်သစ်ကွက်လပ်တွေမှာ မြေချထားမိန့်၊ မြေချထားစလစ်တွေနဲ့ ဂရန်လျှောက်ထားမှုတွေကို ဆောင်ရွက်ဖို့ တင်ပြတဲ့ လုပ်ငန်းစဉ်အပေါ် တိုင်းအစိုးရအဖွဲ့က ဆိုင်းငံ့ထားဖို့နဲ့ တိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ တင်ပြဆွေးနွေးဖို့ ညွန်ကြားထားတာရယ်၊ အခြား စီစစ်မှုတွေ လိုအပ်လို့ သတင်းစာကြေညာချက်အတိုင်း ဆောင်ရွက်ရန် အစီအစဉ်ရှိပေမယ့် မဆောင်ရွက်နိုင်ခဲ့ဘူး။ မြေငှားဂရန်လျှောက်ထားမှုတွေကို တိုင်းအစိုးရအဖွဲ့လမ်းညွန်တဲ့ အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးရဲလွင်က လွတ်တော်တွင် ဖြေကြားခဲ့သည်။

 

မြေချထားမိန့် စလစ်အတု၊စလစ်ကိုယ်တိုင်ရ အတု ၊ စလစ်ပျောက်ဟူ၍ သုံးမျိုးဖြင့် ဂရန် လိမ် လည်လျှောက်ထားမှုများ တွေ့ရှိရသဖြင့် စစ်ဆေးတွေ့ရှိချက်များကို တင်ပြရန် တိုင်းအစိုးရက ညွန်ကြားခဲ့သဖြင့် စုံစမ်းစစ်ဆေးရေအဖွဲ့မှ တွေ့ရှိချက်များနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုပြုပါရန် အစိုးရအဖွဲ့သို့ ဆွေးနွေး တင်ပြရန် အကြောင်းပြန်ကြားထားသည်ဟု ဆိုသည်။

 

မြေဂရန် လိမ်လည်လျှောက်ထားမှုများကို စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီး စုံစမ်း စစ်ဆေးရေး အဖွဲ့က ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်အထိ မြေငှားဂရန်ထုတ်ပေးခြင်းတွင် စုစုပေါင်းဂရန်အမှုတွဲ ၁၁၉၉ တွဲနှင့်ဌာနတွင်ရှိသည့် မြေချထားမှု ငယ်စာရင်းမှတ်တမ်းစာအုပ်(၁၈)နှင့် ငွေသွင်းပြေစာ မှတ်ပုံတင် စာအုပ် (၆) အုပ်ကို လွဲပြောင်းပေးခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့သည့် အမှုတွဲ ၁၁၉၆ တွဲရှိကာ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီ ၂၂ ရက်နောက်ပိုင်းတွင် မြေစီမံခန့်ခွဲမှုဌာနသို့ အိမ်ဆောက်မိန့်၊ ဝင်းခြံခတ်မိန့်၊ မြေငှားဂရန် လျှောက်ထားမှုများကို ဆိုင်းငံ့ခဲ့ကြောင်း သိရသည်။

 

အိမို့မို့ခိုင်