မန္တလေး ၁၁ ဧပြီ

 

၁၃၈၀ ပြည့်နှစ် တန်ခူးလဆန်း ၉ ရက် ခရစ်နှစ် ၂၀၁၉ ခုနှစ် ဧပြီလ ၁၃ ရက် စနေနေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ဝတ်စုံပြည့် အစမ်းလေ့ကျင့်ခြင်းကို ယနေ့ နံနက် ၇ နာရီက ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ အဆိုပါမဏ္ဍပ်၌ ကျင်းပခဲ့သည်။

 

2698

 

ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်သူများမှ သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး ဖွင့်ပွဲအစီအစဉ် ပါဝင်သည့် ခရုသင်းမှုတ်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း၊ ငြိမ်းချမ်းရေးသင်္ကေတဖြစ်သော အဖြူရောင်ချိုးငှက်ပုံပါ အပြာရောင်မိုးပျံဘောလုံးများ လွှတ်တင်ပေးခြင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခြင်းများ လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

 

2710

 

ထို့ပြင် မန်းစည်ပင်ယိမ်းအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့၊ ယဉ်ကျေးမှုတက္ကသိုလ် ယိမ်းအဖွဲ့နှင့် ကျောင်းသူအင်အား ၅၀ဝ တို့မှ ခင်မြလွင်ဆိုင်းအဖွဲ့နှင့် Shell တေးဂီတနှင့်အတူ သီဆိုတီးမှုတ် ကပြဖျော်ဖြေခြင်းများကို ဝတ်စုံပြည့်ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါဝတ်စုံပြည့် အစမ်းလေ့ကျင့်ခြင်း အခမ်းအနားသို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် ကော်မတီဝင်များ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်