မန္တလေး ၁၉ ဇွန်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄) နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၈ လမ်း၊ ၇၃ လမ်းနှင့် ၇၈ လမ်းကြားရှိ နိုင်လွန်ကတ္တရာ လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၇ နာရီက အဆိုပါ လမ်းထိပ်ရှိ မုခ်ဦးတွင် ကျင်းပသည်။

အဆိုပါလမ်းသစ်ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး စိုးကြည်ခင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ မန္တလေးမြို့တော်ဝန်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးတို့က လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းဓာတ်ပုံရိုက်ကာ ကတ္တရာလမ်းအား ဖြတ်သန်းကြည့်ရှုကြသည်။
အဆိုပါလမ်းသစ်ဖွင့်ပွဲတွင် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က “ဒီလမ်းသစ်ဟာ လမ်းတစ်ခုမှာရှိသင့်တဲ့ အစိတ်အပိုင်းအားလုံးကို ပြည့်စုံအောင်ထည့်သွင်းထားတဲ့ စံပြလမ်းတစ်ခုဖြစ်ပါတယ်။ ဆက်လက်ပြီး ဒီ ၃၈ လမ်းကို အနောက်ဘက် ၈၉ လမ်းအထိ တိုးချဲ့သွားမယ့်အပြင် အရှေ့ဘက်မှာလည်း ၆၉ လမ်းအထိ လမ်းချဲ့ပေးသွားမှာဖြစ်တဲ့အတွက် မန္တလေးအတွက် အရှေ့နဲ့ အနောက်ကို ဆက်သွယ်ပေးမယ့် လမ်းတစ်ခုဖြစ်လာမှာပါ” ဟု ပြောကြားသည်။
အဆိုပါလမ်းသစ်အား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ငွေကျပ် ၁၂၁၁ ဒသမ ၁၇၆ သန်းခန့် အကုန်အကျခံကာ ၂၀၁၈ ခုနှစ် မေ ၈ ရက်က စတင်ဖောက်လုပ်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ် မေ ၃၁ ရက်တွင် ပြီးစီးခဲ့ကာ လမ်းသစ်ဖောက်လုပ်နိုင်ခဲ့ခြင်းကြောင့် မြို့တော်နေပြည်သူများ၏ ယာဉ်ကြောကြပ်တည်းမှုကို လျော့ချကာ သွားလာရေးအဆင်ပြေ လွယ်ကူစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းနိုင်လွန်ကတ္တရာလမ်းသစ်သည် အရှည် ပေ ၂၈၆၀၊ အကျယ် ပေ ၆၀ ရှိပြီး တစ်ဖက်လျှင် ၆ ပေ အကျယ်ရှိ Stamped Concrete ပလက်ဖောင်း အမျိုးအစားများ ခင်းကျင်းထားသည့်အပြင် ရေမြောင်းအကျယ်မှာ တစ်ဖက်လျှင် ၂ ပေစီ တည်ဆောက်ထားကြောင်းနှင့် လမ်းတစ်လျှောက်တွင် မီးပွိုင့်များ၊ Puma Bitumen က လှူဒါန်းထားသည့် လမ်းမီးတိုင် ၆၀၊ ခွဲခြား စွန့်ပစ်နိုင်သည့် အမှိုက်ပုံးများနှင့် သင်္ဂဟဖောင်းဒေးရှင်းက လှူဒါန်းထားသည့် စိန်ပန်းနီပင် ၁၀၈ ပင်အား စိုက်ပျိုးထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)