မန္တလေး  ၆  ဖေဖော်ဝါရီ 

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်သည် အမရပူရမြို့နယ် မြို့ပတ်ကမ်းနားလမ်းတွင် Mandalay Business Capital Development ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်သည့် ဧရာဝတီမြစ်ကမ်းပါး ထိန်းသိမ်းရေး ကျောက်ရိုးစီ မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ဖေဖော်ဝါရီ ၅ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ မန္တလေးမြို့တော်ဝန်နှင့်အတူ ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းနှင့် ကော်မတီဝင်များ လိုက်ပါလာခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား Mandalay Business Capital Development ကုမ္ပဏီဥက္ကဌ ဦးဝိတ်က ကျောက်ရိုးစီ မြေထိန်းနံရံလုပ်ငန်းပြီးစီးမှု အဆင့်ဆင့်နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်သွားရန် ဖြည့်ဆည်းမှာကြားခဲ့သည်။

 

‌ေ

 

ဧရာဝတီမြစ်ကမ်းတွင် ခေတ်မီစနစ်ကျသည့် မန္တလေးမြို့၏ ထင်ရှားသော မြို့ပြစီမံကိန်းတစ်ခုအဖြစ် ဖော်ဆောင်ရန် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှစ၍ မြေပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဧရာဝတီမြစ်ကမ်းပါးထိန်းသိမ်းရေး ကျောက်ရိုးစီမြေထိန်းနံရံ တည်ဆောက်ခြင်းအတွက် ပြည်တွင်းပညာရှင်များ၊ နယ်သာလန်နိုင်ငံမှ ပညာရှင်များပူးပေါင်း၍ ဧရာဝတီမြစ်ကြောင်းဆိုင်ရာ River Model တစ်ခုကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)