မန္တလေး ၃၀ စက်တင်ဘာ
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လျာထားဆောင်ရွက်နေသောလုပ်ငန်းများ ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာရဲလွင်၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးရဲမြတ်သူ၊ ဦးကျော်ဇေယျနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
"မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလုပ်နေတာ အခုဘဏ္ဍာနှစ် အတွက် (၉၉) ရာခိုင်နှုန်းလောက် ပြီးနေပါပြီ ဒါတွေက ပြည်သူအတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်"ဟု မြို့တော်ဝန်က ပြောသည်။
ရှေးဦးစွာမြို့တော်ဝန်နှင့် အဖွဲ့သည် ချမ်းအေးသာစံမြို့နယ်၊ ၅၈လမ်း၊ လမ်း၃ဝနှင့် ၃၅ လမ်းကြား လမ်းသစ်ဖောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ လမ်းတံတားဌာန ဌာနမှူး ဦးသန်းထိုက်ဦးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က ကွန်ကရစ်လမ်းပုခုံး၊ မိုးရေစုရန် collection pit and pipe ၊ ကတ်တုံး၊ precast ပလက်ဖောင်းနှင့် Precast မြောင်း ထည့်သွင်းဆောင်ရွက်သွားရန် ဖြည့်ဆည်းမှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်းမှ ၇၃ လမ်းအထိ ရေနီမြောင်းမြေနေရာကို အဆံမြှင့်တင်၍ လမ်းသစ်တစ်လမ်း ပေါ်ထွက်လာအောင် ဆောင်ရွက်နေသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ လမ်းတံတားဌာန ဌာနမှူးနှင့် တာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က မြောင်းမြေသားများဖယ် ထုတ်ပြီး အခြေခံမြေသား အမာခံရရှိစေရန် ဆောင်ရွက်သွားရေး၊ လမ်းဘေးဝဲ၊ယာ Precast ရေမြောင်းများ ထည့်သွင်းဆောင်ရွက်ရေးနှင့် လမ်းနှင့် မလွတ်ကင်းသည့် ထရန်စဖော်မာ (transformer)) တိုင်များ၊ လျှပ်စစ်မီးတိုင်များ ဖယ်ရှားရှင်းလင်းပြီး stabilized soil ခင်းနိုင်အောင် ဆောင်ရွက်သွားရေးတို့ကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ် ၅၉ လမ်း၊ မင်းကြီးရန်နောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းအကြား precast တံတား တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ လမ်းတံတားဌာနမှူးနှင့် တာဝန်ခံအင်ဂျင်နီယာတို့က အကျယ်ပေ ၄၀ ရေသွား အကျယ်ပေ ၅၁၊ အရှည် ၅၅ ပေ တည်ဆောက်ပြီးစီးမှုကို ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန်က လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား ဖြည့်ဆည်း မှာကြားခဲ့သည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ ၅၄လမ်း၊ မင်းကြီးရန်နောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းအကြား၊ precast၊ အကျယ် ၄၇ ပေ၊ ရေသွား ပေ ၄၀၊ အရှည် ၄၆ ပေ၊ တံတားတည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိ သူများအား မှာကြားခဲ့သည်။
ထို့မှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ ဒုတိယကျန်စစ်သားလမ်း၊ ၅၁ လမ်းနှင့် ၅၈လမ်းကြား နိုင်လွန်ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာက လမ်းသားအကျယ် ၁၈ပေ၊ အရှည်ပေ ၃၅ဝဝ ကို နိုင်လွန်ကတ္တရာခင်း စက်ယန္တရားများ အသုံးပြု၍ ခင်းခြင်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်း မှာကြားခဲ့ပြီး ချမ်းအေးသာစံမြို့နယ်၊ ၅၈လမ်းကို လမ်း၃ဝနှင့် ၃၅လမ်းကြား ဖောက်လုပ်လိုက်ခြင်းသည် ဗျူဟာမြောက် လမ်းအသစ်တစ်ခု ဖြစ်လာပြီး ရေနီမြောင်းဟောင်းလမ်းကို ၃၈လမ်းလို နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန်ကဆက်လက် ပြောကြားသည်။
အောင်စံမောင်


